ရေ

ရေ
Published 11 October 2017

လှိုင်မြို့နယ်ရှိ ထောက်ခံချက် ရရှိပြီးသော စက်ရုံ ၁၅ ရုံအနက် ကျန်ရှိနေသေးသော စက်ရုံလေးရုံအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့ သြဂုတ် ၁၀ ရက်က ထပ်မံစစ်ဆေးစဉ်

(၁) တစ်လောက အိမ်မှာ ရေတင်ရင်းနှင့် ကျွန်တော့်ညီအစ်ကိုတော်က လှမ်းပြောပါတယ်။ တို့ပိုက်တွေထဲမှာ ရေဆိုးတွေဝင်နေတယ်။ ရေတွေက အနံ့လည်းမကောင်းဘူး။ ဆိုးလိုက်တာ။ အဲဒီမကောင်းတဲ့ရေတွေသုံးမိရင် ရောဂါရမှာ ကျိန်းသေပဲလို့ ပြောပါတယ်။ ကျွန်တော်စိတ်ညစ်သွားတယ်။ အဲဒီမကောင်းတဲ့ရေ၊ မသန့်ရှင်းတဲ့ရေ၊ အဲဒီရေဆိုးတွေကို သုံးစွဲမိရင် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ရေမကောင်း၍မဖြစ်၊ ရေမသန့်၍မဖြစ်၊ မသန့်ရှင်းလျှင် ကျွန်တော်တို့ခန္ဓာအတွက် ရောဂါရနိုင်ပါမယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း မြို့နယ်စည်ပင်က ရေသန့်တာဝန်ခံဆီ သွားရောက်တင်ပြတယ်။ သူတို့ဘက်ကလည်း လုပ်ပေးနိုင်သရွေ့ ချက်ချင်းဆောင်ရွက်ပေးပါတယ်။

ခုတစ်လော သတင်းစာထဲမှာ ဖတ်လိုက်ရတာတွေကလည်း မသန့်ရှင်းတဲ့ သောက်ရေသန့် စက်ရုံအကြောင်းတွေ ခဏခဏပါလာတယ်။ ထောက်ခံချက်မရရှိဘဲ တရားမဝင် ထုတ်လုပ်ရောင်းချနေတဲ့ သောက်ရေသန့် စက်ရုံတွေကို FDA က ရှောင်တခင်ဝင်ရောက် စစ်ဆေးပြီး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့လည်း ကြားသိရပါတယ်။

သန့်ရှင်းစင်ကြယ်သောရေကို လူအများ သောက်သုံးရန် သင့်တော်သဖြင့် သောက်ရေသန့်ဟု ခေါ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နေရာစုံမှာ ဆိုင်တွေ၊ စတိုးတွေ၊ ကုန်တိုက်တွေမှာ သောက်ရေသန့်အမျိုးမျိုးကို တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေကြပါတယ်။ သို့သော် ထိုရေသန့်ဘူးများကား ရေမည်မျှသန့်စင်သည်ကို မည်သူမျှ တတ်အပ်သေချာမပြောနိုင်ပါ။ ရေသန့်ဟုဆိုပေမယ့် တချို့ရေသန့်ဘူးတွေမှာ အနည်အမှုန်တွေ တွေ့နေရပါတယ်။

မြို့ပတ်ရထားပေါ်မှာ ထိုင်နေတုန်း ရေရောင်းတဲ့မိန်းမတစ်ဦး ရေဘူးတွေကိုင်ပြီး အော်သွားပါလေရဲ့။ “သောက်ရေသန့် ပါကင်တွေရမယ်” ဟု အော်တယ်။ ကျွန်တော့်စိတ်ထဲမှာ ထူးဆန်းနေတယ်။ ရေသန့်ဘူးမှန်း အားလုံးသိပြီးသားကို သောက်ရေသန့် ပါကင်တွေရမယ်လို့ ကြော်ငြာစရာလိုလို့လား။ စဉ်းစားစရာပင်။

(၂) တကယ်တော့ သက်ရှိများစွာတို့အတွက် အခြေခံအကျဆုံး၊ အလိုအပ်ဆုံးအရာဟာ ရေဖြစ်ပါတယ်။ သက်ရှိများစွာတို့ရဲ့ ခန္ဓာကိုယ်မှာ အဓိက ပါဝင်ဖွဲ့စည်းနေတဲ့အရာကလည်း ရေပါပဲ။

သက်ရှိတွေဟာ အစာမစားဘဲ နေ့ရက်များစွာနေနိုင်ပေမယ့် ရေမသောက်ဘဲနဲ့တော့ ကြာရှည်စွာ မရပ်တည်နိုင်ကြပါဘူး။ ရေအသက် တစ်မနက်ဆိုတဲ့ စကားလည်းရှိပါတယ်။ ရေဟာ ယနေ့လက်ရှိလူသားတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီး ရေကို တန်ဖိုးထား ထိန်းသိမ်းတတ်ဖို့ လိုအပ်လာပါပြီ။

ကမ္ဘာမှာ လူဦးရေတွေ အဆမတန် တိုးပွားလာခဲ့ပါပြီ။ ယခုအခါ ကမ္ဘာမှာ လူဦးရေ သန်း ၇၀၀၀ ခန့်ရှိပြီဖြစ်လို့ လူသားမျိုးနွယ် တစ်ခုလုံး အသက်ရှင်ဖို့၊ စားနပ်ရိက္ခာထုတ် လုပ်ဖို့စတာတွေအတွက် ရေမရှိလို့ မဖြစ်ပါဘူး။ ရေအဆက်မပြတ်ရဖို့ လိုပါတယ်။ ရေသာမရခဲ့ရင်တော့ ရေကောင်းရေသန့်တွေ ကုန်ခန်းသွားခဲ့ရင်တော့ ကျွန်တော်တို့ သက်ရှိများရဲ့ အနာဂတ်လည်း ပျောက်ဆုံးသွားရမှာ အမှန်ပင်ဖြစ်ပါတယ်။

ရေမရှိခဲ့ရင် လူ၊ တိရစ္ဆာန်၊ သစ်ပင် အစရှိတဲ့ သက်ရှိသတ္တဝါတို့ မရပ်တည်နိုင်ပေ။ ရေသာမရှိခဲ့ရင် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းသွားပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ရနိုင်သော ရေအရင်းအမြစ်များအနက် မြို့ရွာမှ လူနေအိမ်ရှိ လူအများသောက်သုံးရန် ၁၀ ရာခိုင်နှုန်း အသုံးပြုပေမယ့် ထို ၁၀ ရာခိုင်နှုန်းမျှ ရေသန့်ပမာဏကိုတောင် အလုံအလောက် မရတာကြောင့် ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ ဟာ မသန့်ရှင်းသောရေတွေကို သောက်သုံးနေရတဲ့အတွက် ၂၀၀၀ ပြည့်နှစ်က လူဦးရေ ၂၂ သန်းကျော် သေဆုံးခဲ့ရတယ်ဟု သိရပါတယ်။ လူ့ခန္ဓာ ကိုယ်ထဲမှာ ရေဓာတ်ပါဝင်မှုနှုန်းဟာ ခန္ဓာကိုယ်ရဲ့ သုံးပုံ နှစ်ပုံ၊ ရာခိုင်နှုန်း ၇၀ ခန့် ရေနှင့် ဖွဲ့စည်းထားတာပါ။ နှလုံးနှင့် ဦးနှောက်မှာ ရေ ၇၃ ရာခိုင်နှုန်း ပါဝင်ပြီး အဆုတ်မှာ ၈၃ ရာခိုင်နှုန်း ပါဝင်ပါသတဲ့။

ကျန်းမာရေးကောင်းစေရန်အတွက် လူတစ်ယောက်ဟာ တစ်နေ့ ရေရှစ်ခွက်မှ ၁၀ ခွက်အထိ သို့မဟုတ်လျှင် တစ်နေ့ကို နှစ်လီတာအထိ အနည်းဆုံး သောက်သုံးသင့်ပါတယ်။ ကမ္ဘာပေါ်ရှိ ၇ ရာခိုင်နှုန်းသည် ရေငန်ဖြစ်ပြီး ၃ ရာခိုင်နှုန်းဟာ လူတို့သောက်သုံးနိုင်တဲ့ရေပါတဲ့။ အဲဒီထဲကမှ ၂ ရာခိုင်နှုန်းသည် ရေခဲများဖြစ်ပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေ ၁ ဒသမ ၂ ဘီလျံခန့်ဟာ ရေရှားပါးမှု အခက်အခဲကို ရင်ဆိုင်နေရပါတယ်။ နောက် ၂၀၁၀ ပြည့်နှစ် ရောက်ရင်တော့ ကမ္ဘာ့လူဦးရေဟာလည်း ၉ ဘီလျံကျော်ထဲ ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါသတဲ့လေ။
ရေနှင့်ပတ်သက်ပြီး လူတွေပိုပြီး အလေးထားဂရုစိုက်ဖို့၊ ရေတန်ဖိုးကို နားလည်စေဖို့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ပံ့ပိုးကူညီပေးကြပါတယ်။ တကယ်တော့ လူတွေဟာ မိမိတို့ရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်တဲ့ ရေအကြောင်းကို ပိုပြီးသိရှိထားဖို့ လိုပါတယ်။

(၃) ကမ္ဘာမှာ ရေချိုရှားပါးပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ရေချိုပေါပါတယ်။ ရေရှားပါးတဲ့ အရပ်မှာနေတဲ့သူတွေဟာ ရေကို ချစ်တတ်ကြဖို့ လိုပါတယ်။ ရေကို မလိုအပ်ဘဲ မဖြုန်းတီးတတ်တဲ့အကျင့်ကို မွေးရပါမယ်။ စင်ကာပူနိုင်ငံတွေဟာ ရေကို အိမ်နီးချင်းနိုင်ငံကနေ ဝယ်သုံးရတာပါ။ အခုတော့ နိုင်ငံမှာ သုတေသနတွေလုပ်ပြီး နယူးဝါးတားဆိုတာတွေတောင် ထုတ်လုပ်နေပါပြီ။ အသုံးမလိုတဲ့ရေဆိုးတွေကိုတောင် စွန့်မပစ်ဘဲ ပြန်ပြီး သန့်စင်အသုံးပြုနေပါပြီ။ ကမ္ဘာ့မြေပေါ်မှာ လူသားတွေ ရပ်တည်ဖို့အတွက် မြေနဲ့ ရေဟာ အရေးအကြီးဆုံးပါ။ ကမ္ဘာပေါ်မှာ သတ္တဝါအားလုံးဟာ ရေမရှိရင် မရှင်သန်နိုင်ပါဘူး။

ကျွန်တော်တို့ဆီမှာလည်း နှစ်စဉ် နွေရာသီရောက်တိုင်း ရေအခက်အခဲတွေ ဖြစ်တတ်ပါတယ်။ ရေရှားတဲ့အရပ်တွေကတော့ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်၊ တွံတေး၊ တောင်ဒဂုံ၊ ခရမ်း၊ သုံးခွတို့မှာရှိတဲ့ သောက်သုံးရေကန်တွေ ခန်းသွားလို့ ဖြစ်ပါတယ်။
အထက်အညာအရပ်ဒေသတွေမှာလည်း ရေရှားပါးမှု အခက်အခဲတွေ ကြုံရပါတယ်။ အထက်အညာမှာတော့ သူများနိုင်ငံတွေလို မိုးခေါင်တာမျိုး မဟုတ်သော်လည်း အတန်အသင့်တော့ မိုးခေါင်ရေရှားမှုတွေလည်း ကြုံရတဲ့အခါမျိုးတွေ ရှိခဲ့ပါတယ်။

ရှေးယခင်ကာလကတည်းကပင် ပညာရှင်တွေဟာ ဟောကိန်းထုတ်ခဲ့ပါတယ်။ လူတွေသုံးတဲ့ အဖိုးတန်ရေဟာ တစ်နေ့ရှားပါးလာခဲ့ရင် ရန်ပွဲတွေတောင်ဖြစ်လာနိုင်တယ်လို့ ဆိုထားပါရဲ့။ အထူးသဖြင့် ရေရှားတဲ့နိုင်ငံတွေနဲ့ ရေပေါကြွယ်ဝတဲ့နိုင်ငံတွေ ပဋိပက္ခ ဖြစ်လာနိုင်ပါသတဲ့။

ဘုရားရှင်လက်ထက်ကပင် ရောဟိဏီမြစ်ကြောင့် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားရမှာအထိ ဖြစ်ခဲ့ရပြီး ဘုရားရှင်ကိုယ်တော်တိုင် ဝင်ရောက်ဖြေရှင်းမှ ပြေငြိမ်းသွားရတဲ့သာဓကတွေ ရှိခဲ့ပါတယ်။

ယခုအခါမှာတော့ ကမ္ဘာကြီးပူနွေးလာတာကြောင့် စွန့်ပစ်တဲ့အဆိပ်သင့် ဓာတ်ပစ္စည်းတွေကြောင့် ရေမသန့်တော့ပါဘူး။ သစ်တောတွေ ပြုန်းတီးမှုတွေ၊ အက်စစ်မိုးတွေ၊ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်တွေ တိုးပွားလာရတာတွေ၊ ပင်လယ်ပြင်မှာ စွန့်ပစ်ဖိတ်စဉ်မှုများကြောင့် ညစ်ညမ်းလာတယ်။ မြေဆီလွှာတွေ ခန်းခြောက်ပြီး ကန္တာရတွေဖြစ်လာတယ်။ အပင်နဲ့ တိရစ္ဆာန်ဇီဝမျိုးစိတ်၊ မျိုးကွဲတွေ၊ ပျောက်ဆုံးပျက်စီးရခြင်းဆိုတဲ့ အခက်အခဲတွေလည်း ဒီနေ့ကမ္ဘာ့လူသားတွေ ကြုံတွေ့နေရပါပြီ။

ရေဟာ တန်ဖိုးအရှိဆုံးအရာ ဖြစ်လာပါပြီ။ နိုင်ငံအသီးသီးမှာလည်း ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်းများဖွဲ့ပြီး ရေသန့်ရှင်းမှုပြုရန်အတွက် ဆောင်ရွက်နေကြပါပြီ။ ယခုအခါ အာရှတစ်လွှားမှာရှိတဲ့ ပညာရှင်တွေဟာ သောက်ရေအတွက် ပူပန်မှုတွေ ရှိလာနေကြပါပြီ။ ရေအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲ လွန်ကဲလာတယ်။ မြစ်တွေမှာလည်း စက်ရုံကစွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် အန္တရာယ်ဖြစ်လာပါတယ်။ တွက်ချက်မှုအရ အာရှတိုက်ရဲ့လူဦးရေ သန်း ၇၀၀ ဟာ သန့်ရှင်းတဲ့သောက်သုံးရေ မရရှိတော့ပါဘူးတဲ့။

(၄) ရေနဲ့ပတ်သက်ပြီး နိုင်ငံတိုင်းမှာ အထူးစီမံခန့်ခွဲမှုတွေလုပ်ဖို့ လိုအပ်နေပါပြီ။ ကိုရီးယားမှာတော့ ရေညစ်ညမ်းမှု လျော့နည်းစေရန် ဆောင်ရွက်နေပြီး ကျောင်းသုံးစာအုပ်မှာလည်း ရေပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာကို သင်ရိုးမာတိကာထဲ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ လူတွေရဲ့တီထွင်မှုတွေ၊ ကမ်းလွန်ရေနံထုတ်လုပ်မှုတွေကြောင့် ပင်လယ်ပြင်ထဲမှာ ရေထုညစ်ညမ်းလာပါတယ်။ ဖောက်ပြန်ပြောင်းလဲနေသော သဘာဝတရားကြီးကလည်း လူတို့ရဲ့ပင်လယ်သမုဒ္ဒရာရေများကို ပျက်စီးလျက်ရှိနေပါပြီလို့ ပညာရှင်တို့ ဆိုကြပါတယ်။

ယနေ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ပင်လယ်များ၊ သမုဒ္ဒရာများ ပြင်းထန်စွာ ခံစားနေရပါပြီတဲ့။ ရေသယံဇာတတွေ မပျောက်ဆုံးမပျက်စီးအောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လာပါပြီ။ ကမ္ဘာတစ်ဝန်းမှာ ရေကို ဘယ်လိုဂရုစိုက်သုံးစွဲရဖို့ ပြောနေပါပြီ။ ကမ္ဘာကြီးမှာ မြစ်တွေက ရေတွေကို မျှဝေသုံးစွဲနေကြပါတယ်။ အနာဂတ်မှာ ရေကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ ရေကိုထိန်းသိမ်းကြဖို့၊ မဖြုန်းတီးဖို့၊ စုဆောင်းကြဖို့၊ ရေဟာ ဒီနေ့ ဘယ်လောက်အရေးတကြီး တန်ဖိုးရှိတဲ့အရာဖြစ်ကြောင်း ပညာပေး ဟောပြောပွဲတွေပါ လုပ်ရပါမယ်။ သစ်တောတွေ ပြုန်းတီးအောင် ဖျက်ဆီးတာ၊ ပင်လယ်ထဲမှာ ငါးတွေ အလွန်အကျွံ ဖမ်းတာမျိုးတွေ သတိပေးရပါမယ်။

ကမ္ဘာကြီးမှာ အရာရာအားလုံးဟာ ဆက်နွှယ်မှုတွေရှိနေတာမို့ ထိန်းသိမ်း စောင့်ရှောက်သင့်တာတွေကို နိုင်ငံသားအားလုံး လူသားအားလုံး ဝိုင်းဝန်းစောင့်ရှောက်ပြီး ကမ္ဘာမြေကောင်းကျိုးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်နေပါပြီ။
ရှေးဂရိပညာရှင်တစ်ဦးကတော့ လောကရဲ့အခြေခံအစဟာ ရေဖြစ်တယ်လို့ ပြောခဲ့သလို ဗုဒ္ဓမြတ်စွာကလည်း ရေဓာတ်ဟာ နူးညံ့တဲ့သုခဓာတ်ပါလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီနေ့ ကျွန်တော်တို့ ကမ္ဘာမှာ ငွေကိုမလို၊ ရေကိုလိုပြီ။ ရေဟာ လူ့လောကအတွက် မရှိရင်မဖြစ်သောအရာမို့ ယခုကစ၍ ရေကို တန်ဖိုးထားပါ။ ရေကိုစောင့်ရှောက်ကြပါလို့ အသိပေးမျှဝေစကားဆိုလိုက်ပါရစေ။

စာကိုး
မအေးဆေး-ရေမြေတောတောင်ကိုချစ်ပါ
အေးကို (ဆည်မြောင်း)-သက်ရှိအားလုံးအတွက် ရေ

Most Read

Most Recent