နိုင်ငံခြားငွေလဲနှုန်း တက်ရိပ်ပြလာပြီး တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ မြင့်တက်

နိုင်ငံခြားငွေလဲနှုန်း တက်ရိပ်ပြလာပြီး တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ မြင့်တက်
Published 25 August 2017

သြဂုတ် ၂၄ ရက်တွင် ကမ္ဘာ့ဒေါ်လာ ဈေးအညွှန်းကိန်း အကျဘက်ရောက်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တက်ရိပ်ပြလာပြီး တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ မြင့်တက်လာကြောင်း  နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် သြဂုတ် ၂ ရက်တွင် ၉၂ ဒသမ ၄၇ ပွိုင့်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၂၁ ရက်မှစတင်ကာ ၉၄ ပွိုင့်အောက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှ စတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့်အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက်အထိ ရောက်ရှိခဲ့ပြီး သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက်အထိ ကျဆင်းခဲ့ကာ သြဂုတ် ၄ ရက်တွင် ၉၃ ပွိုင့်အထက်၊ သြဂုတ် ၁၆ ရက်တွင် ၉၄ ပွိုင့် အထိပြန်ရောက်ခဲ့သော်လည်း ပြန်ကျခဲ့ရာ သြဂုတ် ၂၄ ရက်မွန်းလွဲပိုင်းတွင် ၉၃ ဒသမ ၂၄ ပွိုင့် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက် ပိုင်းဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂  ပွိုင့် အထိအမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက် နောက်ပိုင်းကတည်းက ၁၀၀ ပွိုင့်အောက်၊ မေ ၁၅ ရက်မှစတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောဧပြီလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၁၀၁ ဒသမ ၂၂ ပွိုင့်ဖြစ်ပြီး မေလအတွင်း အမြင့်ဆုံးနှုန်းထားမှာ  ၉၉ ဒသမ ၆၅ ပွိုင့်၊ ဇွန်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၇ ဒသ မ ၅၃ ပွိုင့်၊ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၆ ဒသမ ၂၀ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး မတ်လအတွင်း ပြည်တွင်းဈေးကွက်၌ အမြင့်ဆုံးဒေါ်လာဈေးသည် ၁၃၆၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဒေါ်လာဈေးသည် ၁၃၅၇ ကျပ်ဖြစ်သည်။ ထို့အတူ ဧပြီလအတွင်း အမြင့်ဆုံးဈေးနှုန်းသည် ၁၃၆၁ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၄၇ ကျပ်ဖြစ်ကာ မေလအတွင်း အမြင့်ဆုံး ဒေါ်လာဈေးသည် ၁၃၆၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဈေးနှုန်းမှာ ၁၃၄၈ ကျပ်ဖြစ်သည်။

ထို့နောက် ဇွန်လအတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနိုင်ငံခြား ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၃၆၁ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဖြစ်ကာ ဇူလိုင်လအတွင်း အမြင့်ဆုံး နိုင်ငံခြားငွေလဲနှုန်းမှာ ၁၃၆၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ ၁၃၅၅ ကျပ်ဖြစ်သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် ၁၃၅၆ ကျပ်အထိ ကျဆင်းခဲ့ပြီးနောက် သြဂုတ် ၂ ရက်မှ ၁၀ ရက်အထိ ၁၃၅၇-၁၃၅၈ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ရာ  သြဂုတ် ၁၁ ရက်တွင် ၁၃၅၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း အနည်းငယ်ပြန်တက်လာမှုနှင့်အတူ သြဂုတ် ၁၅ ရက်တွင် ၁၃၅၆ ကျပ်၊ သြဂုတ် ၁၆ ရက်တွင် ၁၃၅၈ ကျပ်အထိ  ရောက်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ၁၃၅၇ ကျပ်၊  သြဂုတ် ၁၈ ရက်တွင် ၁၃၅၅ ကျပ်အထိ သြဂုတ် ၂၃ ရက်နံနက်ပိုင်းတွင် ၁၃၅၄ ကျပ်အထိ ကျဆင်းခဲ့ကာ သြဂုတ် ၂၄ ရက် တွင် ၁၃၅၇ ကျပ်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း အနည်းငယ်မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို သြဂုတ် ၂၄ ရက်၌ တစ်ဒေါ်လာ ကျပ် ၁၃၆၀ အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent