ရင်းနှီးမြှုပ်နှံမှုများကို ဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းသည့် နေရာများ၌သာ ရင်းနှီးမြှုပ်နှံမည့်အစား ဖွံ့ဖြိုးတိုးတက်မှုနည်းသည့်၊ မတည်မငြိမ် ဖြစ်နေသည့် နေရာများကို ချန်လှပ်ထား၍ မရကြောင်း ဒုတိယသမ္မတ ပြောကြား

ရင်းနှီးမြှုပ်နှံမှုများကို ဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းသည့် နေရာများ၌သာ ရင်းနှီးမြှုပ်နှံမည့်အစား ဖွံ့ဖြိုးတိုးတက်မှုနည်းသည့်၊ မတည်မငြိမ် ဖြစ်နေသည့် နေရာများကို ချန်လှပ်ထား၍ မရကြောင်း ဒုတိယသမ္မတ ပြောကြား
Published 24 September 2017

ရခိုင်ပြည်နယ် အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းသည့် နေရာများတွင်သာ ရင်းနှီးမြှုပ်နှံမည့်အစား ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် မတည်မငြိမ်ဖြစ်နေသည့် နေရာများကိုပါ ချန်လှပ်ထား၍ မရကြောင်း နိုင်ငံတော် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက စက်တင်ဘာ၂၃ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (ဒသမအကြိမ်) အခမ်းအနားတွင် ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေကို ဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းတဲ့ နေရာမှာချည်းပဲ ရင်းနှီးမြှုပ်နှံမယ့်အစား ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့၊ မတည်မငြိမ်ဖြစ်တဲ့ နေရာတွေကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။ ကြာလေ ကွာဟမှုတွေ ဖြစ်လာမယ်။ ဒါကြောင့် မို့ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ ဒေသတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာအောင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ ရေးဆွဲခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုကို ဖွံ့ဖြိုးရေးနည်းတဲ့ ဒေသတွေမှာဆိုရင် ခုနစ်နှစ်တိတိ အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။ အနည်းငယ်ဖွံ့ဖြိုးတဲ့ ဒေသတွေမှာကျတော့ ငါးနှစ်ပေးထားပြီး ဖွံ့ဖြိုးတဲ့ဒေသတွေမှာ သုံးနှစ်ပေးထားပါတယ်” ဟု ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ပြောကြားသည်။

“ဆိုလိုတာက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တည်ငြိမ်တဲ့ နေရာတွေ ဖွံ့ဖြိုးတဲ့ နေရာတွေတင် မကဘဲ တချို့ဒေသတွေ ကျန်နေခဲ့ရင် အများကြီး အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် မတည်မငြိမ်ဖြစ်တဲ့ ဒေသတွေမှာလည်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမယ့်မူ ဝါဒတွေ ချမှတ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃၈၉၉ ဒသမ ၅၂၁ သန်း၊ တစ်နည်းအားဖြင့် ၃ ဒသမ ၉ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ရရှိထားကြောင်း၊ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂ ဒသမ ၉ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည်ကို တွေ့ရကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေရာများသည် ယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှု နည်းပါးသည့် ဒေသများ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအပေါ် ထိခိုက်နိုင်စရာ မရှိကြောင်းနှင့် နိုင်ငံတော် အနေဖြင့် ရခိုင်အပြင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများတွင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“နိုင်ငံတော် အနေနဲ့ကတော့ ဒီဒေသတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရင် လူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာပြီတော့ စီးပွားရေးမှာ စိတ်ဝင်စားလာမယ်။ နေ့တိုင်း အလုပ်ရှိလာမယ်၊ ဝင်ငွေကောင်းလာမယ်၊ အဲဒီအတွက် အဲဒီဒေသတွေမှာ သင့်လျော်တဲ့ ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ခွင့်ပြုပေးဖို့ အနာဂတ်မှာ အစီအစဉ် ရှိပါတယ်” ဟု DICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

“ဆိုလိုတာက နိုင်ငံရေးနည်းနဲ့ ရှင်းတဲ့အပြင် စီးပွားရေးအရ ဒီဒေသတွေကို ဖွံ့ဖြိုးအောင်လုပ်တာက ပဋိပက္ခတွေကို ငြိမ်းချမ်းအောင် လုပ်တာလည်း နည်းတစ်နည်း အနေနဲ့ စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent