အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ရပ်တန့်နေသော်လည်း စစ်တွေနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်ဆက်လက် တင်ပို့နေ

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ရပ်တန့်နေသော်လည်း စစ်တွေနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်ဆက်လက် တင်ပို့နေ
Published 21 September 2017

မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့နေသည်ကို သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ကုန်သွယ်မှု ရပ်တန့်နေသော်လည်း စစ်တွေနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်ဆက်လက်တင်ပို့မှု ရှိနေကြောင်း သိရသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သည့်ဆန်မှာ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်အမျိုးအစားဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇွန်လမှစ၍ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှု အားကောင်းလာခဲ့ပြီး မောင်တောနှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေး နှစ်ခုလုံးမှ တင်ပို့ခဲ့ရကြောင်း၊ လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ဆန်တင်ပို့မှု မရှိသော်လည်း စစ်တွေနယ်စပ် ကုန်သွယ်ရေးဖြင့် ဆန်တန်ချိန် ပိုမိုတင်ပို့လာရကြောင်း သိရသည်။

စစ်တွေနယ်စပ် ကုန်သွယ်ရေးဖြင့် သြဂုတ်လအတွင်း တန်ဖိုးအမေရိကန်ဒေါ်လာ  ၀ ဒသမ ၃၉၄ သန်းဖိုး ဆန်တန်ချိန်  ၁၂၂၅ တန် တင်ပို့ခဲ့ရသော်လည်း စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆန် ၁၅၅၈ တန် တင်ပို့ခဲ့ပြီးဖြစ်ကာ တန်ဖိုးအမေရိကန်ဒေါ်လာ ၀ ဒသမ ၅၂၅ သန်း ရရှိဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

“အခုစစ်တွေက ဆန်တွေကို ဆက်လက်တင်ပို့ နေပါတယ်။ MV သင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ မောင်တောက အခုကုန်သွယ်မှု ရပ်နေတော့ စစ်တွေကပဲ ရာသီဥတု အခြေအနေကြည့်ပြီး ဆက်လက်ပို့နေတာ ဖြစ်ပါတယ်။ စစ်တွေနယ်စပ် ကုန်သွယ်ရေး တစ်ခုတည်းကပဲ ပို့နေရတော့ ကုန်သွယ်မှုကတော့ ဒီဘက်ပိုများလာတာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မောင်တောက ရပ်ထားရလို့ ကုန်သွယ်မှု မထိခိုက်ဘူး။ စစ်တွေက သွားနေတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း ကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၀၀ သန်း၊ သွင်းကုန် ၀ ဒသမ ၁၀၀ သန်း၊ စုစုပေါင်းကုန်သွယ်မှု လျာထားချက် ၀ ဒသမ ၃၀၀ သန်းဖြစ်သော်လည်း အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၁ ဒသမ ၀၂၅ သန်း၊ သွင်း ကုန် ၀ ဒသမ ၀၂၆  သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ ၁ စသမ ၀၅၁ သန်းဆောင်ရွက်ခဲ့ပြီး လျာထားချက်အပေါ် ဆောင်ရွက်နိုင်မှု ရာခိုင် နှုန်းအားဖြင့် ၃၅၀ ဒသမ ၃၃ ရာခိုင်နှုန်းထိရှိခဲ့ ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလအတွင်း လျာထားချက်တွင် ပို့ကုန် ၀ ဒသမ ၂၀၀ သန်း၊ သွင်းကုန် ၀ ဒသမ ၀၅၀ သန်း၊ စုစုပေါင်းကုန် သွယ်မှု ၀ ဒသမ ၂၅၀ သန်းဖြစ်ပြီး အမှန် ဆောင်ရွက်မှုတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ပို့ကုန် ၀ ဒသမ ၉၀၉ သန်း၊ သွင်းကုန် ၀ ဒသမ ၀၀၁ သန်း၊ ကုန်သွယ် မှုစုစုပေါင်းပမာဏ ၀ ဒသမ ၉၁၀ သန်း ထိ ရှိနေပြီဖြစ်ကြောင်း စစ်တွေနယ်စပ်ကုန်သွယ် ရေးညွှန်ကြားရေးမှူးရုံးမှ သိရသည်။

လက်ရှိတွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးဖြင့် ရေချိုငါး (ငါးမြစ်ချင်း) ချင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်၊ ဆီးယို စသည်တို့ကို တင်ပို့နေကြောင်းနှင့် သွင်းကုန်ပိုင်းတွင် တီရှပ်၊ ဒန်ရေတကောင်း၊ ပလတ်စတစ်ရေတိုင်ကီ၊ လူသားဆံပင်တို့ ဖြစ်ကြောင်း သိရသည်။

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက မောင်တောနယ်စပ်ရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်ကို တစ်ပြိုင်တည်း အင်အားသုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် သြ ဂုတ် ၂၅ ရက်မှ စတင်ကာ  ရပ်ဆိုင်းနေခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေးသည် လက်ရှိ စက်တင်ဘာ ၁၇ ရက်အထိ ကုန်သွယ်မှု မပြုလုပ်နိုင်သေးသော်လည်း စစ်တွေနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပုံမှန်ကုန်သွယ်နေခြင်း ဖြစ်ကြောင်း၊ မောင်တောနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းနေသဖြင့် ကုန်သည်များ လက်ထဲတွင် တစ်ဖက်နိုင်ငံသို့ပို့ကုန် ချင်းစိမ်း၊ ဆန်နှင့် ငါးခြောက်တို့ ကျန်နေခဲ့ပြီး လုံခြုံရေး အခြေအနေကောင်းလျှင် ပြန်လည်ကုန်သွယ်ခွင့်ရရှိရေး မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဇူလိုင်လအတွင်း ဆန်အပါအဝင် စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဖိုးခန့် တင်ပို့နိုင်ခဲ့ကြောင်းနှင့် သြဂုတ်လ ပထမအပတ်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ဖိုး ရှိခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

 

Most Read

Most Recent