အဝေးကွင်းမှာ ဂိုးမရှိသရေနဲ့ ကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာ

အဝေးကွင်းမှာ ဂိုးမရှိသရေနဲ့ ကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာ
Published 13 April 2019

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ သူတို့အသင်းရဲ့ အသက်အငယ်ဆုံး လူစာရင်းကို ပွဲထုတ်ကစားခဲ့ပြီး အဝေးကွင်းမှာ လာလီဂါတန်းဆင်းဇယားအောက်ခြေက ဟူဆကာနဲ့ ဂိုးမရှိသရေကျခဲ့တယ်။

မန်ယူနဲ့ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိနေတဲ့အတွက် ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက အဓိကတိုက်စစ်မှူး မက်ဆီကို အနားပေးထားခဲ့သလို၊ ပီကေးနဲ့ ဆွာရက်ဇ်တို့ကလည်း ပွဲပယ်ခံထားရပြီး အခြားသော အဓိကကစား သမားအချို့ကိုလည်း ချန်လှပ်ထားခဲ့တာတွေ့ရတယ်။

တန်းမဆင်းရရေးအတွက် ရုန်းကန်နေတဲ့ ဟူဆကာအသင်းဟာ လူငယ်ကစားသမားတွေနဲ့ ဘာစီလိုနာအသင်းကိုလည်း ယှဉ်ကစားနိုင်စွမ်းမရှိခဲ့ဘူး။ ဘာစီလိုနာရဲ့တစ်ဖက်သတ်ဖိအားပေးကစားခြင်းကိုခံခဲ့ရပြီး ဂိုးမပေးရဖို့အတွက်ပဲ ဦးစားပေးခဲ့ရတယ်။

ဘာစီလိုနာအသင်းရဲ့ ပေါင်သန်းရာကျော်တန်ကစားသမား ဒမ်ဘီလီက ဒီပွဲမှာ အခွင့်အရေးကောင်းများစွာကို ဖြုန်းတီးခဲ့သလို၊ ဒုတိယပိုင်းမှာ မယ်လ်ကွန်ရဲ့ကန်ချက်တိုင်ထိခဲ့တာတွေက ဘာစီလိုနာကို နစ်နာစေခဲ့ပြီး၊ ဟူဆကာအသင်းရဲ့အခွင့်အရေးကောင်းတစ်ကြိမ်ကိုလည်း ဂယ်လီဂိုအသုံးမချနိုင်ခဲ့ပါဘူး။

တိုက်စစ်ပိုင်းမှာ ဦးဆောင်မယ့်ကစားသမားမပါတာက ဘာစီလိုနာအသင်းကို ဂိုးရဖို့ ရုန်းကန်ရစေခဲ့ပြီး ဟူဆကာခံစစ်နဲ့ ဂိုးသမားတို့ကောင်းခဲ့တာကြောင့် ဘာစီလိုနာအသင်းဆီက အဖိုးတန်တစ်မှတ်ကို ယူနိုင်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် ဒီရာသီ ဘာစီလိုနာအသင်းရဲ့ကွင်းမှာတုန်းက (၈-၂)ဂိုးနဲ့ ရှုံးခဲ့စဉ်တုန်းကနဲ့ ခြားနားတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို အကောင်အထည်ဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗယ်လ်ဗာဒီရဲ့အသင်းဟာ ဒီပွဲမှာ သရေကျခဲ့ပေမယ့် လာလီဂါချန်ပီယံဆုကို ယူနိုင်ဖို့အတွက် သေချာသလောက်ဖြစ်နေပြီး မန်ယူအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပဲ ဆက်လက်အာရုံစိုက်သွားမှာဖြစ်ပါတယ်။

Most Read

Most Recent