နာပိုလီကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အာဆင်နယ်

နာပိုလီကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အာဆင်နယ်
Photos: Getty Images, Reuters & EPA
Photos: Getty Images, Reuters & EPA
Published 12 April 2019

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ဟာ ပြိုင်ဘက်တွေကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ နာပိုလီပွဲမှာတော့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ နာပိုလီအသင်းကို (၂-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ပွဲထွက်စာရင်းမှာ ဒဏ်ရာရနေတယ်လို့ သတင်းထွက်နေတဲ့ အူဘာမီယန်း ပွဲစကတည်းက ပါဝင်လာခဲ့ပြီး အိုဇေးလ်၊ လာကာဇက်၊ ရမ်ဆေး၊ တော်ရဲရားတို့နဲ့ လူစုံခဲ့ပါတယ်။

နာပိုလီအသင်းကတော့ ၄-၄-၂ နဲ့ ပွဲထွက်ခဲ့ပြီး မာတင်စ်နဲ့ အင်ဆစ်ဂ်နီကို တိုက်စစ်မှာထားကာ ကယ်လီဟွန်၊ ဖာဘီယန်ရုဇ်၊ ကူလီဘလီတို့နဲ့ လူစုံခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အိမ်ကွင်းအားနဲ့ ဖိကစားဖို့ကြိုးစားခဲ့ပြီး ပွဲအစပိုင်းမှာတင် ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် (၁၄) မိနစ်မှာ မီလန်းနိုင်းစ်ရဲ့ ပေးပို့မှုကနေ ရမ်ဆေးက အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပါတယ်။

ဒီဂိုးကြောင့် ယူရိုပါလိဂ်မှာ ရမ်ဆေးဟာ ဂိုးပါဝင်သက်မှု (၈) ကြိမ် (၆ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး) အထိ ရှိလာခဲ့ပြီး အာဆင်နယ်ကစားသမားတွေထဲမှာ အများဆုံးဖြစ်ပါတယ်။

အဲဒီနောက်မှာလည်း အာဆင်နယ်အသင်းကပဲ ဂိုးသွင်းတွေထပ်ရခဲ့ပြီး ပွဲချိန် (၂၅) မိနစ်မှာတော့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ တော်ရဲရားရဲ့ ကန်ချက်ဟာ ကူလီဘလီနဲ့ထိပြီး လမ်းကြောင်း ဝင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်ဘက်က လာကာဇက်နဲ့ နာပိုလီဘက်က အင်ဆစ်ဂ်နီတို့ အပိုင်ကန်ခွင့်တွေရခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပထမပိုင်းအပြီးမှာတော့ အာဆင်နယ်အသင်းက (၂-၀) ဂိုးနဲ့ နိုင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နာပိုလီအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့သလို အာဆင်နယ်အသင်းကလည်း တိုက်စစ်ဖွင့်ကစားခဲ့လို့ ပွဲဟာ ပိုကြည့်ကောင်းခဲ့ပါတယ်။

ဂိုးရဖို့အတွက် နှစ်သင်းစလုံးကြိုးစားခဲ့ကြပြီး ဂိုးကန်သွင်းခွင့်ပိုရခဲ့တာ၊ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်နိုင်တာက အာဆင်နယ်အသင်းပဲ ဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ ထိုးဖောက်မှုတွေကိုတော့ အာဆင်နယ်နောက်တန်းနဲ့ ဂိုးသမား ပီတာချက်တို့က အကောင်းဆုံးကာကွယ်နိုင်ခဲ့သလို၊ နာပိုလီဂိုးသမား မီရက်စ်ကလည်း ဒီပွဲမှာ လက်စွမ်းပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းမှာလည်း ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ်ရခဲ့ပေမယ့် အသုံးချနိုင်ခဲခြင်းမရှိခဲ့ပါဘူး။ ပင်နယ်တီစည်းအတွင်းမှာ ရမ်ဆေးအပိုင်ကန်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့် အသုံးမနိုင်ခဲ့သလို၊ တန်ပြန်တိုက်စစ်ကနေ အူဘာမီယန်း ကန်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ အာဆင်နယ်တို့ ပွဲအပြီးမှာ (၂-၀) ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

ဆလားဗီးယားပရပ်ဂ် - ချယ်လ်ဆီးပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းမှာ နောက်ခံလူ အလွန်ဆိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ချယ်လ်ဆီးနည်းပြ ဆာရီဟာ အရေးကြီးတဲ့ပွဲဖြစ်ပေမယ့် အဓိကကစားသမားတွေဖြစ်တဲ့ ဟာဇက်၊ ကွန်တေတို့ကို အရန်ခုံမှာ ထားခဲ့ပြီး ပတ်ဒရို၊ ဝီလီယံ၊ ဂျရူး၊ ဘာကလေ၊ ကိုဗာဆစ်တို့ကို ပွဲထွက်အသုံးပြုခဲ့ပါတယ်။

ဆလားဗီးယားပရပ်ဂ်အသင်းကတော့ ၄-၃-၃ ပုံစံနဲ့ ပွဲထွက်လာပြီး အဓိကကစားသမားအစုံအလင်နဲ့ ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့တာပါ။

ဟာဇက်နဲ့ ကွန်တေ မပါတဲ့ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ ဆလားဗီးယားပရပ်ဂ်အသင်းကို ဖိကစားနိုင်ခြင်းမရှိဘဲ ဆလားဗီးယားပရပ်ဂ်အသင်းကတောင် ချယ်လ်ဆီးအသင်းကို ဖိကစားခဲ့တာ ဖြစ်ပါတယ်။

ဂိုးသွင်းခွင့်တွေမှာလည်း ဆလားဗီးယားပရပ်ဂ်က ချယ်လ်ဆီးထက် ပိုသာခဲ့ပြီး ချယ်လ်ဆီးဘက်ကတော့ ဝီလီယံရဲ့ ဧရိယာအပြင်ဘက်က ကန်ချက် ထိုင်ထိထွက်ခဲ့လောက်ပဲ ရင်ခုန်စရာ ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ မဟန်မှန်းသိတဲ့ ဆာရီဟာ ဒုတိယပိုင်းမှာတော့ ဟာဇက်၊ ကွန်တေ၊ လောဖ်တပ်ချိခ်တို့ တောက်လျှောက် ထည့်ကစားပြီး ရလဒ်ကောင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဟာဇက်နဲ့ ကွန်တေတို့ ဝင်လာပြီးနောက်မှာ ချယ်လ်ဆီးအသင်း ပိုကောင်းလာခဲ့ပေမယ့် ဆလားဗီးယားပရပ်ဂ်ကလည်း ချယ်လ်ဆီးအသင်းကို ရှိန်မနေဘဲ အကောင်းဆုံးတုံ့ပြန်ကစားခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၆) မိနစ်မှာ ဝီလီယံဖြတ်တင်ပေးတာကို အလွန်ဆိုက ပြေးဝင်ခေါင်းတိုက်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးတို့ အာဆင်နယ်နဲ့အတူ ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီလို့ ဆိုရမှာပါ။

■ ယူရိုပါလိဂ် ကွာတားဖိုင်နယ် (ပထမအကျော့)

အာဆင်နယ် ၂-၀ နာပိုလီ

ဗီလာရီးယဲလ် ၁-၃ ဗလင်စီယာ

ဘင်ဖီကာ ၄-၂ ဖရန့်ဖတ်

ဆလားဗီးယားပရပ်ဂ် ၀-၁ ချယ်လ်ဆီး

Most Read

Most Recent