သင်္ကြန် အိမ်အပြန်နှင့် ကားလက်မှတ်ပြဿနာ

သင်္ကြန် အိမ်အပြန်နှင့် ကားလက်မှတ်ပြဿနာ
 ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ခရီးသွားမည့်သူအချို့ကို ဧပြီ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ခရီးသွားမည့်သူအချို့ကို ဧပြီ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 7 April 2019
ရှိုင်းလင်းအောင်

သင်္ကြန်ပိတ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေကြသူတွေရှိသလို သာယာဖွယ် သင်္ကြန်သီချင်းသံစဉ်တွေရဲ့ ၀ိရောဓိအဖြစ် ရန်ကုန်မြို့ အဝေးပြေးကားဝင်းမှာ နယ်ပြန်ကြဖို့ ကားလက်မှတ်တွေ ဝယ်လို့ရမယ်၊ မရဘူးဆိုတဲ့ ကြားနေကျအသံတွေကလည်း အချိန်နဲ့တစ်ပြေးညီ ထွက်ပေါ်လာပြန်ပါတယ်။ ဒါက နှစ်စဉ်နှစ်တိုင်း ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ တစ်နည်းပြောရရင် ရိုးရာမပျက်ပေါ့။

နယ်ဒေသအသီးသီးကနေ ရန်ကုန်ကိုပြောင်းရွှေ့လာပြီး အလုပ်လာလုပ်ကြသူတွေဟာ အခုလိုသင်္ကြန်နားနီးရက်တွေမှာ တစ်နှစ်ပတ်လုံး ခွဲခွာနေရတဲ့ သူတို့မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့တွေ့ဖို့ သူတို့ မွေးရပ်မြေကိုပြန်ဖို့ တာစူနေကြပါပြီ။ သင်္ကြန်ပိတ်ရက်လေးမှာပဲ တစ်နှစ်တစ်ခါ အိမ်ပြန်ခွင့်ရတာမို့ အိမ်ပြန်ချင်စိတ် ဇောကပ်တာလည်းမဆန်းပါဘူး။  ဒါကြောင့် အိမ်အပြန်ကားလက်မှတ် တစ်စောင်ရဖို့ မနက်အစောကြီး အောင်မင်္ဂလာအဝေးပြေးဝင်းထဲလာပြီး လက်မှတ်တန်းစီ ဝယ်ကြပေမဲ့ တချို့က လက်မှတ်ရတယ်။ တချို့ကျ လက်မှတ်အခက်အခဲ ကြုံရနဲ့ ဒါကလည်း နှစ်စဉ်ကြုံနေကျဖြစ်စဉ် တစ်ခုပါပဲ။

နယ်ပြန်တဲ့သူဘာကြောင့်များတာလဲ

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အကြောင်းပြချက်မျိုးစုံနဲ့ ရွှေ့ပြောင်း အခြေချလာသူတွေ အများကြီးရှိ နေပါတယ်။ ပြည်တွင်းရွှေ့ပြောင်းအခြေချသူတွေဟာ ရေကြည်ရာမြက်နုရာအဖြစ် နယ်ထက်စာရင် အလုပ်အကိုင် အခွင့်အလမ်းပေါများတဲ့ ရန်ကုန်မြို့ကို ရောက်လာကြသူတွေ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းအတွင်းမှာနေထိုင်သူဦးရေ ၇ ဒသမ ၃သန်းကျော်ရှိပြီး နယ်ဒေသအသီးသီး ကနေ ရွှေ့ပြောင်းလာသူ အရေအတွက်ဟာ တစ်သန်းခွဲကျော်အထိ ရှိတယ်လို့ သိရပါတယ်။ ဒါကလွန်ခဲ့တဲ့ငါးနှစ်က ကောက်ယူထားတဲ့ သန်းခေါင်စာရင်းထဲက အချက်အလက်ပါ။ လက်ရှိရန်ကုန်မြို့မှာ နေထိုင်နေတဲ့ ရွှေ့ပြောင်းအခြေချသူအရေအတွက် ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းအခြေချနေထိုင်လာသူတွေဟာ ခန့်မှန်းထားသည်ထက်ကို တစ်နှစ်ထက်တစ်နှစ် ပိုများလာပါတယ်။

ရန်ကုန်မြို့ကို သန်းနဲ့ချီရောက်နေတဲ့  ပြည်တွင်းရွှေ့ပြောင်းအခြေချသူတွေထဲက ထောင်ချီသောင်းချီသောသူတွေဟာ သင်္ကြန် ရုံးပိတ်ရက်မှာ သူတို့ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ညီအစ်ကိုမောင်နှမတွေရှိတဲ့ နယ်ကို ပြန်ကြဖို့ စိုင်းပြင်းနေကြပါတော့တယ်။ အဲဒါကြောင့် ကုန်းလမ်းဖြစ်တဲ့ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဒဂုံဧရာအဝေးပြေးဝင်း၊ ရန်ကုန်ဘူတာကြီးလိုနေရာတွေက နေရပ် ပြန်သူကပြန်၊ ရေလမ်းခရီးက ပြန်သူကပြန်၊ ငွေတတ်နိုင်သူအချို့က လေကြောင်းကနေ မိမိတို့ရဲ့ မွေးရပ်ဌာနေအသီးသီးကို ပြန်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ယာဉ်နဲ့ ပြန်ကြသူတွေဖြစ်ပါတယ်။

အိမ်အပြန်ကားလက်မှတ် ဘယ်လိုဝယ်မလဲ

သင်္ကြန်ပိတ်ရက် နယ်ပြန်ကြမယ့်သူတွေအတွက် ကားဂိတ်တွေမှာ မတ်လ ဒါမှ မဟုတ် ဧပြီ ၁ ရက်ကစပြီး လက်မှတ်တွေ ကြိုရောင်းပေးပါတယ်။ တချို့တွေကလက်မှတ်ရဖို့ အဲဒီရက်တွေမှာ ကားဂိတ်တွေဆီ သွားပြီးဝယ်ကြတယ်။ ကားလက်မှတ်ရောင်းတဲ့ ဂိတ်တွေက လက်မှတ်ဝယ်သူတွေကို မှတ်ပုံတင်တွေ ထပ်ခိုင်းပြီး မှတ်ပုံတင်တစ်ခု လက်မှတ်နှစ်စောင်၊ သုံးစောင် စသဖြင့် ရောင်းပေးကြတယ်။ ရောင်းပေးမယ့် လက်မှတ်အရေအတွက်ထက် ဝယ်တဲ့အရေအတွက်က ပိုများနေတော့ သူ့ထက်ငါ အတင်းလုယက် တိုးဝှေ့ပြီး ဝယ်ကြရတာပေါ့။ တချို့ကတော့ လက်မှတ်ရကြတယ်။ တချို့ကျတော့လည်း နံနက် ၄ နာရီလောက် အစောကြီးထလာ လက်မှတ်လာဝယ်ပေမဲ့ မရတဲ့သူတွေလည်း ရှိနေပါတယ်။

“မိသားစုရှိတဲ့နယ်ကို ပြန်မလို့ ကျွန်မ မနက်လေးနာရီခွဲကတည်းကဂိတ်ကို အရောက်လာပြီး လက်မှတ်ဝယ်ဖို့ စောင့်နေတာ။ လေးနာရီခွဲကတည်းက မှတ်ပုံတင်ထပ်ထားပြီး လက်မှတ်ဝယ်တာကို ကားလက်မှတ်မရဘူး။ လက်မှတ်ဝယ်မယ့် လူအရေအတွက်နဲ့ သူတို့ရောင်းမယ့် ကားလက်မှတ်အရေအတွက်က မလောက်ငဘူး။ ၁၁ ရက် ထွက်မယ့် ကားလက်မှတ်ကို ၃ ရက်နေ့ကတည်းက လာစောင့်ပြီး ဝယ်ရတာကို လက်မှတ်မရခဲ့ဘူး။  ကားလက်မှတ်ဝယ်မှာမို့ ဒီနေ့ တစ်ရက်ရုံးကနေ ခွင့်ယူပြီး လာဝယ်တာကို လက်မှတ်ကမရဘူး” လို့ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ မနန္ဒာလှိုင်က ပြောပါတယ်။

ကားလက်မှတ်မရတာက သူမတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူမလိုပဲ ကားလက်မှတ်မရသေးတဲ့သူတွေ အများအပြား ရှိနေပါသေးတယ်။

ကားလက်မှတ် ရောင်းလိုအားနည်းလို့ ကြုံတွေ့ရတဲ့ ပြဿနာ

စီးပွားရေးသဘောအရ ကုန်ပစ္စည်းတစ်ခု ရောင်းဝယ်တဲ့အခါမှာ ဝယ်ယူလိုတဲ့ အရေအတွက်က များပြီး ရောင်းပေးနိုင်တဲ့ အရေအတွက်နည်းလာပြီဆိုရင် ပြဿနာအနည်းနဲ့အများ ကြုံတွေ့ရတတ်ပါတယ်။ သင်္ကြန် နယ်ပြန်ဖို့ ကားလက်မှတ်ဝယ်ရတာလည်း ဒီသဘောပါပဲ။ နယ်ပြန်ကြမယ့်သူ အရမ်းများတဲ့အချိန်မှာ ကားဂိတ်တွေကပြန်တဲ့ လူအရေအတွက်အတိုင်း ကားလက်မှတ် ရောင်းမပေးနိုင်ကြပါဘူး။ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနဲ့ နယ်ပြန်မယ့်သူတော်တော်များများက ပိတ်ရက်အပိုမရတာကြောင့် သင်္ကြန်အကြိုနေ့မတိုင်မီ ဧပြီ ၁၀၊ ၁၁၊ ၁၂ ရက်တွေမှာ ရန်ကုန်ကနေထွက်မယ့် ကားတွေနဲ့ အိမ်ပြန်ချင်ပါတယ်။ အဲဒီရက်မတိုင်ခင်ရက်တွေက လက်မှတ်ကိုဝယ်ဖို့အတွက် အလုပ်ကခွင့် မရလို့ အဆင်မပြေကြပါဘူး။

ကားဂိတ်တွေမှာ ကားလက်မှတ်တွေ အတင်းတိုးဝှေ့ဝယ်ယူနေတာက ရောင်းပေးနိုင်မယ့် လက်မှတ်က ဝယ်ချင်တဲ့အရေအတွက်ထက် ပိုနည်းနေတော့ ဦးတဲ့လူ အိမ်ပြန်စတမ်းဆိုပြီး ဖြစ်ကုန်တာပေါ့။ ဒီလိုမှ မဝယ်ပြန်ရင်လည်း တစ်နှစ်မှတစ်ခါအိမ်ပြန်ရမယ့် အခွင့်အရေးက ဆုံးရှုံးသွားနိုင်ပါတယ်။

“မြိတ်ကို ပြန်မလို့ ၅ ရက်နေ့ မနက်အစောကြီးကတည်းက အဝေးပြေးဝင်းသွားပြီး လက်မှတ်ဝယ်တာ။ ဂိတ်တိုင်းလိုလိုမှာ လက်မှတ်တွေမရှိတော့ဘူး။ ရုံးကခွင့်လည်းမရတော့ ၁၂ ရက် ညနေဘက်ထွက်မယ့် ကားလက်မှတ်လေး လိုချင်တာ။ ဒါပေမဲ့ မြိတ်သွားတဲ့ ကားဂိတ်တော်တော်များများကိုသွားမေးပြီးပြီ။ အဲဒီရက်ကလူသွားများလို့ လက်မှတ်မရှိတော့ဘူးတဲ့။ ကျွန်တော်လည်း ရုံးကခွင့်မရတာနဲ့ သူတို့ လက်မှတ်စရောင်းပေးတဲ့ရက်မှာ ကြိုမဖြတ်ထားမိလိုက်ဘူး။ အခုအိမ်ကိုဘယ်လိုပြန်ရမလဲမသိတော့ဘူး” လို့ မြိတ်သို့  ပြန်ဖို့ ကားလက်မှတ်မရခဲ့တဲ့ ကိုဝင်းနိုင်က ပြောပါတယ်။

YRTA အောင်မင်္ဂလာအဝေးပြေးဝင်း တာဝန်ရှိသူတွေက ဧပြီ ၈ ရက်ကနေ ၁၂ ရက် အထိ တစ်ရက်ကို အရန်ကားသုံးစီး စီစဉ်ပေးထားပြီး ကားတစ်စီးစာ ခရီးသည်ရှိမယ်ဆိုရင် ပြေးဆွဲပေးမယ်လို့တော့ ပြောပါတယ်။ ဒါ့ပြင် ယာဉ်လိုင်းအချို့က ခရီးသည် အသွားများတဲ့ ရက်တွေမှာ ကားထပ်တိုးပြီး ပြေးဆွဲပေးတယ်လို့ သိရပါတယ်။ ဒီလိုကားစီးရေထပ်တိုး ပြေးဆွဲပေးပေမယ့် လက်မှတ်ဝယ်သူအရမ်းများလို့ လက်မှတ်တွေ ရောင်းဖို့မကျန်တော့ဘူးလို့ ရန်ကုန် - ထားဝယ် - မြိတ် ပြေးဆွဲနေသော အန်တီဝင်းကားလက်မှတ်ဂိတ်က သိရပါတယ်။

“လက်မှတ်တွေကို လေးလပိုင်း ၁ ရက်နေ့ကတည်းက ရောင်းပေးတယ်။ အခု လက်မှတ်တွေ ရောင်းကုန်သွားပြီ။ လက်မှတ်လာဝယ်တဲ့ ခရီးသည် အရမ်းများတဲ့အတွက် ကျွန်တော်တို့က ၁၀၊ ၁၁၊ ၁၂ ရက်တွေမှာ ကားစီးရေ ထပ်တိုးပြီး ဆွဲပေးထားတယ်။ ပုံမှန်က တစ်ရက် လေးစီးပဲ ပြေးဆွဲတာကို နှစ်စီးထပ်တိုးပေးတယ်။ ၁၁ ရက်ဆိုရင် လေးစီးထပ်တိုးဆွဲပေးတယ်။ ဒါပေမဲ့ လက်မှတ်တွေက ရောင်းကုန်နေပြီ” လို့ အန်တီဝင်း ကားလက်မှတ် အရောင်းဌာနကတာဝန်ရှိသူက ပြောပါတယ်။

ကားလက်မှတ်စျေးတက်တယ် မတက်ဘူး . . .

သင်္ကြန်ရက်နီးလို့ ကားလက်မှတ်တွေ စျေးတင်မရောင်းရဘူးလို့ YRTA အဝေးပြေးဝင်း တာဝန်ရှိသူတွေက ကားဂိတ်တွေကို ကြေညာထားတယ်လို့ သိရပေမဲ့ ခရီးသည် အချို့ကတော့ လက်မှတ်စျေးကြီးပေး ဝယ်ခဲ့ရတာတွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။

“ချောက်ပြန်ဖို့ သုံးလပိုင်းထဲမှာ ကြိုတင်လက်မှတ်စရောင်းတဲ့နေ့က ဂိတ်မှာ ၁၂ ရက်နေ့ ထွက်မယ့် လက်မှတ်သွား ဖြတ်တာ စျေးကနှစ်ဆလောက်ပေးပြီး ဝယ်ခဲ့ရတယ်။  အရင်တုန်းကပုံမှန်စျေးက ၈၅၀၀၊ ၉၀၀၀၊ ၁၀၀၀၀ အဲဒီလောက်ပဲရှိတယ်။ ကျွန်တော် ဝယ်ခဲ့ရတာ ၁၆၀၀၀ တဲ့။ အသွားအပြန် ၁၆၀၀၀ နဲ့ ဝယ်ခဲ့ရတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော့်ညီမက ၁၀ ရက်နေ့ ပြန်မယ့်လက်မှတ်ဖြတ်တာ ပုံမှန်စျေး အတိုင်းပဲ ရတယ်။ လူအသွားများတဲ့ရက်ဖြစ်လို့ စျေးကြီးတာလား မပြောတတ်ဘူး” လို့ မကွေးတိုင်းဒေသကြီး ချောက်မြို့သို့ ပြန်မယ့် ကိုညိုကြီးက ပြောပါတယ်။

ခရီးသည်တွေကို ကားလက်မှတ်စျေး တင်ရောင်းတဲ့ ဂိတ်တွေကို တိုင်ကြားနိုင်တယ်လို့ အသိပေးစာတွေ အောင်မင်္ဂလာအဝေးပြေးဝင်းထဲ ကပ်ထားပေမဲ့ YRTA အဝေးပြေးရုံးသို့ လက်ရှိမှာ လာရောက်တိုင်ကြားသူ မရှိသေးဘူးလို့ သိရပါတယ်။

“လက်မှတ်ခတွေ ပိုရောင်း၊ စျေးတွေ အဆမတန်တက်လို့ တချို့တွေ ပြောနေကြတယ်။ လက်မှတ်ပိုရောင်းတဲ့ သူရှိမှာပဲလေ။  ငါတို့ဆီ တစ်ယောက်မှ လာမတိုင်ဘူး။ ခရီးသွားနဲ့ ယာဉ်လိုင်းနဲ့သဘောတူရင် ငါတို့ကို လာမတိုင်တော့ဘူး။ ငါတို့ကမတိုင်နဲ့လို့ ပြောတာမဟုတ်ဘူး။ လာတိုင်ရင် ငါတို့က စျေးတက်တဲ့ဂိတ်ကို ဘာလို့တက်တာလဲ ခေါ်မေးပြီး  YRTA ရုံးချုပ်ကို တင်ပြ၍ အရေးယူခိုင်းမယ်” လို့ YRTA အဝေးပြေးဝင်း တာဝန်ခံ ဗိုလ်မှူးကြီး (ငြိမ်း) ဦးဘမြင့်က ဧပြီ  ၃ ရက်က ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ယာဉ်လိုင်းပေါင်း ၂၅၀ မှာ ယာဉ်စီးရေ ၂၅၂၉ စီးရှိပြီး ဧရာဝတီတိုင်းဒေသကြီးကို အဓိကပြေးဆွဲနေသော ဒဂုံဧရာအဝေးပြေးဝင်းမှာ ယာဉ်လိုင်းပေါင်း  ၁၂၂ လိုင်းရှိပြီး ယာဉ်စီးရေ ၁၀၆၄ စီးရှိတယ်လို့ YRTA အဝေးပြေးဝင်းက သိရပါတယ်။

YRTA အဝေးပြေးဝင်းတာဝန်ခံ ဗိုလ်မှူးကြီး(ငြိမ်း)ဦးဘမြင့်က သတင်းစာအချို့ ရေးသားသလို အောင်မင်္ဂလာအဝေးပြေးဝင်းမှာ အဝေးပြေးကား မရှိတာမဟုတ်ဘဲ ကားတွေ ပိုတောင်ပိုနေပြီး အဓိကပြဿနာက ယာဉ်မောင်းရှားပါးမှု ဖြစ်နေတာလို့ ပြောပါတယ်။

“တချို့(သတင်းစာအချို့ သတင်းရေးသားမှုကိုဆိုလို) ဘာရေးသလဲဆိုတော့ ခရီးသွားတွေ များတယ်။ ကားတွေ မလောက်လို့ ဒီလိုအခက်အခဲဖြစ်တယ်လို့ ရေးကြတယ်။ တကယ်တော့ ကားကလောက်တာပေါ့။ ပိုတောင်နေသေးတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ယာဉ်လိုင်းတွေ ဥပမာပြောလိုက် မယ်။ မန္တလာမင်းဆိုရင် အစီး ၁၀၀ ကျော်ရှိ တယ်။ ရွှေစင်စင်္ကြာအစီး ၁၀၀ ကျော်ရှိတယ်။ E-lite တို့ဆိုရင် အစီး ၇၀၊ ၈၀ ရှိတယ်။ ဒီကား သုံးလေးစီးလောက်နဲ့ကို ဒီခရီးသည်က လောက်တယ်။ သို့သော် ဘာလို့မပြေးနိုင်သလဲ ဆိုတဲ့ပြဿနာ။ ဥပမာ ဟိုတစ်လောကဆိုရင် Famous ယာဉ်လိုင်းလက်မှတ်တွေ ရောင်း ပြဿနာတက်လို့ သွားရှင်းရသေးတယ်။ ဘာဖြစ်လဲဆိုတော့ မင်းတို့လက်မှတ် ဘယ်နှစီးရောင်းလဲမေးတော့ လေးစီးရောင်းတယ်တဲ့။ သူ့မှာကားတွေ ရှိသေးတယ်။ လေးစီးပဲရောင်းတာ ဘာဖြစ်လို့လဲမေးတော့ ဒါကယာဉ်လိုင်းတိုင်းမှာဖြစ်နေတဲ့  Driver ပြဿနာပဲ။ ဆိုလိုတာက ကားရှိသော်လည်း ယာဉ်မောင်းမရှိဘူး။ မိုင် ၂ဝဝနဲ့ အထက်ဆိုရင် ယာဉ်မောင်း နှစ်ယောက်ထည့်ရတယ်။ ကား ၁၀ စီးပြေးရင် ယာဉ်မောင်း ၂၀ ထည့်ရတယ်။ ယာဉ်မောင်းကလည်း ရှားတယ်။ ဒါတွေကိုသူတို့ (ခရီးသည်များ) မသိကြဘူး” လို့ ပြောပါတယ်။

နယ်ပြန်ကြတဲ့သူတွေ အရမ်းများနေတဲ့ ဒီလိုသင်္ကြန်နားနီးရက်တွေမှာ ကားရှိလျက်သားနဲ့ ယာဉ်မောင်းရှားပါးနေတဲ့ ပြဿနာကိုလည်း YRTA အဝေးပြေးဝင်းတာဝန်ရှိသူတွေ သေချာကိုင်တွယ် ဖြေရှင်းဖို့လိုပါတယ်။

တစ်နှစ်မှတစ်ခါ  မိသားစုစုံစုံလင်လင်နဲ့ ထမင်းဝိုင်းမှာ ထမင်းလက်ဆုံစားချင်တာကြောင့် အိမ်အပြန်လက်မှတ်ရဖို့ ကားဂိတ်တွေ မှာ သူ့ထက်ငါ အလုအယက်တိုးဝှေ့ပြီး လက်မှတ်ဝယ်ရတဲ့ မြင်ကွင်းဟာ စိတ်မသက်မသာစရာဖြစ်ရပါတယ်။ ဒီလိုမြင်ကွင်းမျိုးကို သင်္ကြန်နားနီးတိုင်း မြင်နေရတာဟာ နှစ်ကာလ အတန်ကြာလှပါပြီ။ ဘယ်အချိန်အထိ ဆက်မြင်နေရဦးမှာလဲ။ 

အခြားတစ်ဖက်မှာတော့ ရန်ကုန်မြို့ကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်သူအရေအတွက် တစ်နှစ်ထက်တစ်နှစ် များလာတဲ့အခြေအနေမှာ ဒီလိုလက်မှတ်အခက်အခဲဆိုတာလည်း ရှေ့ဆက် ဆက်ရှိနေဦးမှာပါပဲ။ ရထားနဲ့ ပြန်လိုသူတွေအတွက် ရထားခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲပေးမယ်။ ကားလမ်းကြောင်းတွေ အချိန်တိုးပြီး ပြေးဆွဲပေးမယ်ဆိုရင် တစ်ဖက်တစ်လမ်းက ဖြေရှင်းနိုင်မှာပါ။ အခုလည်း ရထား၊ ကားခရီးစဉ်တွေမှာ တိုးချဲ့ ပြေးဆွဲမယ်ဆိုတဲ့ အစီအစဉ်တွေ ရှိတယ်ဆိုတာ ကြားနေရပေမဲ့ လက်တွေ့မှာတော့ သင်္ကြန်အိမ်အပြန်မှာ လက်မှတ်ရဖို့ ခုရက်ကတည်းက အခက်အခဲတွေရှိနေတယ်ဆိုတာ ကားဂိတ်တွေက ပိုလို့သိနိုင်မယ်ထင်ပါတယ်။

Most Read

Most Recent