ကိုရီးယား အိပ်မက်မက်နေသူများကို အိပ်မက်ဆိုးမက်စေခဲ့သည့် နေ့တစ်နေ့၏နောက်ကွယ်မှ ဘဝတစ်ခု

ကိုရီးယား အိပ်မက်မက်နေသူများကို အိပ်မက်ဆိုးမက်စေခဲ့သည့် နေ့တစ်နေ့၏နောက်ကွယ်မှ ဘဝတစ်ခု
              ၂၀၁၈ မတ်လတွင် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံအလုပ်သမား သင်တန်းကျောင်းသို့ လာရောက်စာရင်းသွင်းကြသူများကို တွေ့ရစဉ်
၂၀၁၈ မတ်လတွင် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံအလုပ်သမား သင်တန်းကျောင်းသို့ လာရောက်စာရင်းသွင်းကြသူများကို တွေ့ရစဉ်
Published 7 April 2019
နေဝန်းထက်

“ကျွန်တော့်သမီးလေးက ကျောင်းတက်ရမှာ။ သမီးလေးကို ကျောင်းနားပြီးတော့ ကျွန်တော်သင်တန်းတက်လိုက်တာ။ တစ်နှစ်ပဲဆိုပြီးတော့။ အခုတော့ သွားပြီပေ့ါဗျာ” ဟု အသက် ၃၀ ဝန်းကျင်ခန့်ရှိမည့် အမျိုးသားတစ်ဦးက လက်ရှိရင်ဆိုင်နေရသည့် ၎င်း၏ မိသားစုဘဝ အခက်အခဲကို ထုတ်ဖော်ပြောပြလိုက်သည်။ ဖခင်တစ်ယောက်အတွက် သမီးဖြစ်သူ၏ ပညာရေးကို ခေတ္တရပ်နားစေပြီး ပြုလုပ်ရမည့်အလုပ်သည် သူ၏မိသားစုအတွက် သာမန်ထက်ပိုသော အကျိုးပြုနိုင်မည်ဖြစ်ခြင်းကြောင့်သာ စွန့်လွှတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သက်ရှိများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးအတွင်း လူသားများဟူသည့် ဉာဏ်ရည်မြင့်သက်ရှိများသည် မိမိတို့၏ ရင်သွေးများအပေါ် ထူးခြားမွန်မြတ်သည့် မေတ္တာ၊ စွန့်လွှတ်အနစ်နာခံခြင်းများကိုသာ ယေဘုယျအားဖြင့် ထားရှိလိုသည့် သဘောသဘာဝများ ရှိနေသည်က လူသားများ စတင်ဖြစ်တည်စကပင် ဖြစ်ပေသည်။

ရင်မှဖြစ်သော သမီးဖြစ်သူ၏ ပညာရေးကို အချိန်တစ်ခုမျှ ပစ်ပယ်ထားခဲ့ပြီး ပြုလုပ်ခဲ့ရသောအလုပ်သည် ဖခင်တစ်ယောက်အတွက် လွန်စွာမှပင် ခက်ခဲစွာ ဆုံးဖြတ်ချက်ချပြီး လုပ်ခဲ့ရသည့် အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။ ထိုအမျိုးသားသည် မည်သည့်အလုပ်ကို သွားလုပ်မည်ဖြစ်ပြီး သူ၏ဘဝအတွက်၊ သူ၏မိသားစုအတွက် မည်သို့သောပြောင်းလဲခြင်းမျိုးကို ပေးစွမ်းနိုင်မည်ဖြစ်ခြင်းကြောင့် ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသနည်း။ သူသည် ဖခင်တစ်ယောက်ဖြစ်ပြီး ခက်ခဲသည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့ရသူ တစ်ဦးလည်း ဖြစ်နေခဲ့သည်။

ကြက်ဥတစ်လုံးအတွက် ၂၀၀ ကျပ်နီး ပါးပေးနေရသည်။ ဆန်တစ်ပြည်အတွက် ပေးချေရမည့်ငွေကြေးက ကျပ် ၁၀၀၀ ကျော်ရှိနေသည်။ ကျောတစ်ခင်းစာ နေရာအတွက် တန်ဖိုးသည် သောင်းဂဏန်းဝန်းကျင်တွင် ရှိနေသည်။ အရာရာသည် မြင့်မားသော စျေး နှုန်းသတ်မှတ်ချက်များဖြင့် တံဆိပ်ကပ်လျက်ရှိသည်။ တစ်နေ့စာဝင်ငွေသည် တစ်ရက်စာအတွက် စားဝတ်နေရေး ဖြေရှင်းရန်အတွက်ပင် လောက်ငမျှတခြင်းမရှိ။ ကုန်စျေးနှုန်းနှင့် ရရှိသည့် လုပ်ခလစာသည် ပြောင်းပြန်အချိုးကျလုနီး အခြေအနေသို့တည်းမဟုတ် ပြောင်းပြန်အချိုးကျနေသည်။ ထိုအရာများသည် အခြေခံလူတန်းစား ကျောမွဲများအပေါ် ဆပ်၍မကုန်သည့် ဝဋ်ကြွေးတစ်ခုသဖွယ် စွဲကပ်နေခဲ့သည်။

မြန်မာနိုင်ငံ၌ ဆင်းရဲချမ်းသာ ကွာဟမှုသည် တစ်နေ့ထက်တစ်နေ့ ပို၍သာ မြင့်မားလျက်ရှိသည်။ ကျောမွဲများအတွက် သမ္မာအာဇီဝကျသည့် မည်သည့်အလုပ်ကို လုပ်ကိုင်လုပ်ကိုင် သာမန်ထက်ပိုသော အဆင်ပြေမှုများသာ တွေ့လာရသည်။ ချမ်းသာပြည့်စုံဖို့ထက် လက်ရှိနေထိုင်ရသည့် ဆင်းရဲတွင်းထဲ၌ အဆင်ပြေပြေ နေထိုင်နေရလျှင်ပင် ကံကောင်းမှုတစ်ခုအဖြစ် တွေးမြင်နေကြရသည်။ တစ်ညတာအတွက် အိပ်စက်ခြင်းများသည် နောက်တစ်ရက်နိုးထရန်အတွက် သောကများဖြင့်သာ တန်ဆာဆင်နေကြရသည်။

တစ်လလျှင် ကျပ် ၁၅ သိန်း သို့မဟုတ် ထို့ထက်ပိုသည့် ဝင်ငွေသည် မြန်မာနိုင်ငံမှ အခြေခံလူတန်းစားကျောမွဲများသာမက သာမန်အလယ်အလတ်တန်းစားများအတွက်ပါ မက်လောက်သည့် ဝင်ငွေရရှိမှုဖြစ်သည်။ ထိုဝင်ငွေပမာဏသည် မိသားစုဘဝတစ်ခုကို လုံးလုံးလျားလျား ပြောင်းလဲနိုင်ဖို့အတွက် အာမခံချက်ပေးနိုင်သည့် အခြေအနေမျိုးရှိနေသည်။ ထိုအပြောင်းအလဲသည် မက်မောလောက်ဖွယ်ရာ အပြောင်းအလဲတစ်ရပ်ဖြစ်နေခြင်းက အပြောင်းအလဲအတွက် ရင်းနှီးပေးဆပ်မှုများကိုပြုလုပ်လိုသည့် အခြေအနေတစ်ရပ် ဖြစ်လျက်ရှိသည်။

စက်မှုဖွံ့ဖြိုးတိုးတက်ပြီးသော အာရှနိုင်ငံတစ်ခုဖြစ်သည့် တောင်ကိုရီးယားနိုင်ငံက ကုန်ထုတ်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သားများ နှစ်စဉ်ခေါ်ယူလျက်ရှိသည်။ ထိုလုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ရရန် မြန်မာနိုင်ငံမှ အခြေခံလူတန်းစားများအပြင် အလယ်အလတ်တန်းစားများအတွက်ပါ ဘဝတိုးတက်ပြောင်းလဲရေး စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်က ဆယ်စုနှစ်တစ်ခုစာပင် မကတော့ပေ။ မြင့်မားသည့် ဝင်ငွေလစာ အခွင့်အလမ်းအတွက် မြန်မာ စကားပုံတစ်ခုအတိုင်း ဘုရင့်နောင် ဖောင်ဖျက်သလို သူတို့ လုပ်ဆောင်လာကြသည်။

တိုးတက်ပြီး ပြည်ပနိုင်ငံတစ်ခုက ခေါ်ယူသည့် တရားဝင် အလုပ်အကိုင်တစ်ခုဖြစ်သည့်အတွက် ထိုက်တန်သည့် အရည်အချင်း တစ်ရပ်ရှိကြောင်းကို ပြသရန် လုပ်သားတစ်ဦးတွင် လိုအပ်ပေမည်။ ထိုထိုက်တန်သည့် အရည်အချင်းတစ်ရပ် ရရှိရန်အတွက် သင်ယူလေ့လာရမည့် အကြောင်းအရာများလည်း ရှိနေမည်ဖြစ်သည်။ ထိုသို့ သင်ယူလေ့လာရမည့် အရာများအတွက်လည်း ပေးဆပ်ရမည့် အကြောင်းအရာများလည်း ရှိနေမည် ဖြစ်သည်။

“ကျွန်တော့်အမျိုးသမီးရဲ့ လက်ဝတ်လက်စားတွေ၊ ပြီးတော့ ကျွန်တော့်ဆိုင်ကယ်။ အိမ်မှာ ဟိုဒီသွားလာဖို့ ဝယ်ထားတာလေးပေါ့ဗျာ။ အကုန်ရောင်းပြီး ပျော်ဘွယ်မှာ သင်တန်းတက်ရတာလေ။ သင်တန်းကြေးကတော့ နှစ်သိန်းခွဲလောက် ကုန်တာပေါ့ဗျာ။ အဆောင်စရိတ်က တစ်လ ခြောက်သောင်း။ ကျန်တဲ့ အသေးအဖွဲ ကုန်ကျတာတွေရောပေါ့” ဟု အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးလည်းဖြစ်၊ ဖခင်တစ်ယောက်လည်းဖြစ်သူတစ်ဦးက သူ၏ကိုရီးယားအိပ်မက်မက်ရန် ပေးဆပ်ခဲ့ရသည့် အရင်းအနှီးများအကြောင်း ပြောပြသည်။

ထိုအမျိုးသားတွင် မိသားစုဘဝလေး တစ်ခုရှိနေသည်။ သူ့တွင် ဘဝလက်တွဲဖော် ဇနီးမယားအပြင် ရင်နှစ်သည်းချာ သမီးလေးတစ်ဦးလည်း ရှိနေသည်။ သူသည် သူ့မိသားစုအတွက် သူရဲကောင်းတစ်ယောက်သာ ဖြစ်လိုသည်။ သူ၏ ဇနီး၊ သမီးငယ်လေးအတွက် ပြည့်စုံကြွယ်ဝသည့် ဘဝတစ်ခုကို ဖန်တီးပေးလိုသည်။ သူလုပ်ကိုင်နေခဲ့ရသည့် အလုပ်အကိုင်များက တစ်သက်တာအတွက် ပြည့်စုံကြွယ်ဝလာဖို့ လမ်းစကို သူမြင်မိခဲ့ခြင်းမရှိ။ ထို့ကြောင့်ပင် သူသည်သူ့တွင်ရှိသည့် အရာအားလုံးကို ပုံအပ်ခဲ့ပြီး ကိုရီးယားအိပ်မက်ကိုမက်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။

သူမက်ရန်ကြိုးစားနေခဲ့သည့် အိပ်မက်အတွက် မိသားစုနှင့်ခွဲခွာပြီး ကြိုးစားနေခဲ့သည်မှာ တစ်နှစ်နီးပါးခန့် ရှိနေပြီဖြစ်သည်။ နှစ်စဉ်လို ကျင်းပနေကျ ကိုရီးယားအိပ်မက်အတွက် အရည်အချင်းစစ် ပထမခြေလှမ်းဟုဆို ရမည့် EPS စာမေးပွဲတွင် ဖြေဆိုအောင်မြင် ရေးသည် ယခုနှစ်အတွင်း သူ၏အဓိကရည်မှန်းချက် ပန်းတိုင်တစ်ခုဖြစ်သည်။ သူသည် အသက်ငယ်ရွယ်ခဲ့စဉ် အတန်းပညာသင်ကြားခဲ့သည့်အရွယ်က စာကြည့်စားပွဲသို့ သွားရောက်ရန် ငြင်းဆန်ခဲ့သူ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ယခုတော့ သူသည် သူ၏မိသားစုအတွက် နိုင်ငံခြားဘာသာစကား တစ်ခုကို အပြင်းအထန် သင်ကြားခဲ့ပြီး အခြားအသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများကိုလည်း အပတ်တကုတ် သင်ယူနေပြီ ဖြစ်သည်။

သူ့အတွက် မနေမနား ကြိုးပမ်းမှုများ၏နောက်တွင် သူ၏ စိတ်ကူးယဉ်အိပ်မက်များ ရှိနေသည်။ ထိုစိတ်ကူးယဉ်အိပ်မက်များသည်လည်း သူ၏ အပတ်တကုတ် ကြိုးပမ်းမှုများကြောင့် အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မည်ဟု သူကိုယ်တိုင် တထစ်ချယုံကြည်ခဲ့သည်။ ညစဉ် သူမက်နေခဲ့သည့် အိပ်မက်များထဲတွင် သူ၏ သမီးငယ်လေး ပညာရေးအတွက် ကျောင်းကောင်းကောင်းထားနိုင်ရေးလည်း ပါဝင်နိုင်သည်။ သူ၏ ဘဝလက်တွဲဖော်ကို လက်ဝတ်ရတနာများဖြင့် အလှဆင်နိုင်ရေးလည်း ပါဝင်နိုင်သည်။ သူ၏မိဘများအတွက် ဘဝနေဝင်ချိန်ကို အဆင်ပြေစွာဖြတ်သန်းနိုင်ရေးအတွက် သူကိုယ်တိုင် ကျေးဇူးဆပ်ကြိုးပမ်းနိုင်ရေးလည်း ပါဝင်နိုင်သည်။

အမျိုးမျိုးသော သူ၏စိတ်ကူးများကို အကောင်အထည်ဖော်နိုင်ရန်အတွက် လက်ရှိမှာတော့ နာကျင်မှုများကြားမှ သူကြိုးစားခဲ့ရသည်။ နောင်တွင် ဖြစ်လာနိုင်မည့် ဘဝကောင်းကောင်းတစ်ခုအတွက် လက်ရှိဘဝ၏ ချို့တဲ့သော စည်းစိမ်များကို ပုံအပ်ထားခဲ့ရ သည်။ သူ၏မိသားစုတာဝန်ကို ဇနီးထံ ခေတ္တလွှဲအပ်ထားခဲ့ရသည်။ လတ်တလောအတွက် အိမ်ထောင်ဦးစီးတာဝန်ကို သူ့တွင်ကျေပွန်နိုင်ခြင်း မရှိသေး။ သို့ပေမဲ့ နောင်တွင်ဖြစ်လာမည့် ဘဝအတွက် သူ၏ မွန်းကျပ်မှုများ၊ စိတ်အားငယ်မှုများကို အားတင်းသည်းခံထားနိုင်ခဲ့သည်။

“ညီမအမျိုးသား ဒီသင်တန်းတက်ဖို့ကို ညီမလက်ဝတ်လက်စားတွေလည်း ရောင်းခဲ့ရတယ်။ သူ့ဆိုင်ကယ်လေးရောပဲ။ အဆင်ပြေဖို့အတွက် ပေးဆပ်ထားခဲ့တာပေါ့။ ညီမကတော့ ကလေးထိန်းရင်း ရတာလေးတွေလုပ်၊ မိဘက ထောက်ပံ့တာလေးနဲ့ နေနေခဲ့တာပေါ့” ဟု အိမ်ထောင်ဦးစီးတာဝန်ကို ခေတ္တလွှဲ ယူထားရသော သူ၏ဇနီးဖြစ်သူက ပြောပြခဲ့သည်။

သူရွေးချယ်ထားသည့်လမ်းသည် သမ္မာအာဇီဝကျသည့် လမ်းတစ်ခုဖြစ်သည်။ သူကိုယ်တိုင်ကြိုးစားလျှင် ရရှိနိုင်သည့် ဘဝတစ်ခု၊ စိတ်ကူးယဉ်ဆိုသော်ငြား လက်တွေ့ဖြစ်လာနိုင်သည့် အခွင့်အလမ်းများစွာ ရှိနေသည့် အလုပ်တစ်ခုဖြစ်ခဲ့သည်။ နေ့စဉ် ညစဉ် သမီးငယ်လေး၏ ဆော့ကစားနေသည့် ပုံရိပ်သည် သူ့ထံတွင် ရိုက်ခတ်နေခဲ့သည်။ သူ့ထံတွင် လွမ်းဆွတ်မှုများ၊ တာဝန်မကျေဟု ခံစားနေမှုများ စသည့်စသည့် နာကျင်သည့် ခံစားချက်များစွာဖြင့် မိသားစု၏ အဝေးတစ်နေရာတွင် နေထိုင်နေရသည်။ အဆိုပါနာကျင်မှုများအားလုံးသည် တစ်နေ့တွင် သူနှင့် သူ၏မိသားစုဘဝ ပြည့်စုံချမ်းသာလာရေးဖြစ်သည့်အတွက် ဒီနာကျင်မှုများကို နာကျင်စွာပင် မေ့ဖျောက်ထားနိုင်ဖို့ ခွန်အားများကလည်း မွေးမြူနိုင်ခဲ့့သည်။

သူ၏ နာကျင်မှုများစွာဖြင့် ရင်းနှီးထားရသည့် စိတ်ကူးအိပ်မက်များကို အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တစ်ခုက ယူဆောင်သွားလိမ့်မည်ဟု မည်သည့်အခါကမျှ သူထင်မှတ်ခဲ့ခြင်း ရှိမည်မဟုတ်။ သို့သော် သူမထင်မှတ်ထားခဲ့သည့်အရာက အမှန်တကယ်ပင် ဖြစ်လာခဲ့သည်။ သူ အပြန်အလှန် ဖတ်နေခဲ့သည့် ထုတ်ပြန်ချက်လေးက စာပိုဒ်လေးပိုဒ်မျှသာ ပါဝင်ပေမဲ့ သူ၏ စိတ်ဓာတ်များကို အဆုံးအထိ ဆွဲချသွားစေခဲ့သည့် စကားလုံးများစွာ ပါဝင်လာခဲ့သည်။ ထုတ်ပြန်ချက်၏ ဖော်ပြချက်များက သူ၏ရင်ဘတ်ကို ဓားတစ်စင်းဖြင့် အကြိမ်ကြိမ်ထိုးမွှေနေသကဲ့သို့ ဖြစ်ခဲ့ရသည်။

အစိုးရ၏ ထုတ်ပြန်ချက်က သူ့ကို ပြောပြနေခဲ့သည်။ သူမက်ခဲ့သည့် ကိုရီးယားအိပ်မက်ကို သူ့အလှည့်ကျမှ မက်ခွင့်မရှိတော့ကြောင်း သူ့ကို အသိပေးနေခဲ့သည်။ သူကဲ့သို့သော ဘဝတူများစွာကလည်း သူ၏နံဘေးတွင် လက်မှိုင်ချလျက် ဝမ်းနည်းစွာဖြင့် တိတ်ဆိတ်နေခဲ့သည်။ ယခုနှစ်အတွက် EPS 13 စာမေးပွဲ မကျင်းပတော့ကြောင်း၊ ကိုရီးယားက လုပ်သားများ ထက်ဝက်လျှော့ခေါ်ယူမည့်အကြောင်း၊ သူမက်သည့် အိပ်မက်မျိုးကို ရှေ့တွင်မက်နေခဲ့သည့် သူများစွာ ကျန်နေသေးသည့်အကြောင်း၊ လူအယောက် ၄၀၀၀၀ တွင် မှ ၁၅၀၀ သာ မက်ခွင့်ရတော့မည့် အိပ်မက်အကြောင်း၊ သူ၏အိပ်မက်သည် သူ့အတွက် ရာခိုင်နှုန်းအားဖြင့် တွက်ကြည့်လျှင်ပင် လွန်စွာနည်းပါးခဲ့သည့်အကြောင်း စသည်စသည် အကြောင်းများက သူ၏လှပသည့်အိပ်မက်ကို အိပ်မက်ဆိုးတစ်ခုအဖြစ် ရုတ်ခြည်းပြောင်းလဲပစ်ခဲ့ပြီဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက သတင်းတွေ ထွက်နေတာပါဗျာ။ ဒါပေမဲ့ သင်တန်းက ဖြေရမှာပါ။ စာတွေလုပ်ထားကြဆိုတာနဲ့ ကျွန်တော်လည်း စာတွေ သေသေချာချာ လုပ်နေခဲ့တာ။ ဒီဧပြီ ၄ ရက်ပေါ့။ အဲဒီနေ့က အစိုးရရဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ချက်ထုတ်တယ်လေ။ ဒီနှစ်အတွက် EPS 13 စာမေးပွဲကို ရပ်လိုက်တယ်တဲ့။ ရုတ်တရက်ကြီးဗျာ။ ကျွန်တော် ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ ကျွန်တော့်မှာ သမီးလေးကို ကျောင်းနားထားခဲ့ရတာ။ အခုတော့ဗျာ” ဟု သူ၏နှုတ်မှ ပျက်သုဉ်းသွားခဲ့ရသည့် သူ၏စိတ်ကူးအိပ်မက်လေးအကြောင်း ရင်နင့်စွာ ပြောပြခဲ့သည်။

သူ့အိပ်မက်အတွက် သူ၏ ရှိသမျှကို ပုံအပ်ခဲ့ပြီးဖြစ်သည်။ တစ်နှစ်စာ အရည်အချင်းစစ် စာမေးပွဲရပ်တန့်ခြင်းက သူ့အိပ်မက်ကို ပျက်စီးစေသည့် အကြောင်းရင်းတစ်ခုတော့ မဖြစ်ခဲ့သေးပေမဲ့ လူအယောက် ၄၀,၀၀၀ ထဲကမှ အရွေးချယ်ခံ ၁၅၀၀ ထဲတွင် ပါဝင်ခွင့်ရဖို့ အခွင့်အလမ်းတစ်ရပ်က သူ၏ စိတ်ခွန်အားတွေကို ရိုက်ချိုးဖျက်ဆီးသလို ဖြစ်သွားခဲ့သည်။ သူ၏ရှေ့တွင်လည်း ကိုရီးယားအိပ်မက်မက်ခဲ့သူ အယောက်ပေါင်းများစွာဖြင့် သူ၏အလှည့်သည် စိတ်ကူးယဉ်မှုများ၏အလွန်၌ ဖြစ်တည်သွားခဲ့ပြီဟု သူယုံကြည်လာခဲ့ပြီလည်းဖြစ်သည်။

သမီးလေး၏ မျက်နှာ၊ ချစ်ဇနီး၏ မျှော်လင့်ချက်များ အကုန်လုံး ပျောက်ဆုံးခဲ့ပြီဖြစ်သည်။ သူအိမ်ပြန်လာခဲ့သည်။ တစ်ချိန်က သူပြန်လာလိုသည့် အခြေအနေမျိုးဖြင့်တော့ မဟုတ်ခဲ့။ မြင့်မားသည့် လစာဝင်ငွေတစ်ရပ်အတွက် ပြည်ပထွက်အလုပ်လုပ်ရန် ကြိုးပမ်း နေသူတစ်ဦးကဲ့သို့သော ပုံစံမျိုးလည်း မဟုတ်တော့ပေ။ ချစ်လှစွာသော ဘဝလက်တွဲဖော်၏ ညှိုးငယ်နေသော မျက်နှာအောက်မှ အားတင်းထားသည့် အပြုံးခပ်ယဲ့ယဲ့က သူ့ကို မလှောင်ပေမဲ့ လှောင်ရယ်နေသည့်အလား။ ချစ်ဇနီးကို မျက်နှာချင်းမဆိုင်ဝံ့၍ မျက်နှာလွှဲသည့်အခါ ကျောင်းတက်ချိန်လွန်နေသည့် သမီးငယ်လေး၏ ဆော့ကစားနေသည့် ပုံရိပ်။ နောက်ဆုံး သူ၏အိပ်မက်ကို လက်တွေ့ကျကျ ရင်ဆိုင်ရန် သူဆုံးဖြတ်လိုက်သည်။

“လေးသောင်းထဲကမှ ၁၅၀၀ ပဲခေါ်တော့မှာလေ။ ရှေ့မှာလည်း တန်းစီနေတဲ့ စာမေးပွဲအောင်ပြီးတဲ့သူတွေက ၉၀၀၀ တောင်ကျန်သေးတယ်။ ကျွန်တော့်အလှည့်က ဘယ်တော့မှ ဖြစ်လာမှာလဲ။ အခုတော့ ကျွန်တော့် သမီးလေးကို ပညာသင်ကြားပေးဖို့ ကျွန်တော် ရသမျှ အလုပ်တွေကိုပဲလုပ်မယ်။ ကျွန်တော့် အိပ်မက်အတွက်လည်း သေချာတဲ့တစ်နှစ်မှ ပြန်ဖြေဖို့ လုပ်တော့မယ်။ ကျွန်တော် ဘာပြောရမှန်းကို မသိတော့ဘူး။ ကျွန်တော့်မှာ ရှိသမျှတွေ အကုန်ပုံအပ်ထားခဲ့ရတာလေ။ အခုတော့” ဟု သူ၏ ဆုံးရှုံးမှုများအတွက် ဖော်ပြရန် စကားလုံးကိုပင် သူ့တွင်မရှိတော့သည့်အကြောင်း ပြောပြခဲ့သည်။

ဧပြီ ၄ ရက်တွင် အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီက ယခုနှစ်အတွက် EPS 13 စာမေးပွဲကို ကိုရီးယားနိုင်ငံက နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လုပ်သားများကို ထက်ဝက်လျှော့ ခေါ်ယူမည်ဖြစ်ခြင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ လုပ်သား ၁၅၀၀ အတွက်သာ ခွဲတမ်းရရှိခဲ့ခြင်း၊ ထို ၁၅၀၀ အတွက် စာမေးပွဲအောင်မြင်ပြီး စောင့်ဆိုင်းနေသူပင် ၉၀၀၀ ခန့်ရှိနေခြင်း၊ ဖြေဆိုမည့်သူများကလည်း လေးသောင်းခန့်ရှိနေခြင်း စသည့်အချက်များကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်သည် အခြေခံကျောမွဲဘဝ မြင့်မားသည့်ဘဝတစ်ခုသို့ ပြောင်းလဲနိုင်ရန် စိတ်ကူးနေသည့် ကိုရီးယား အိပ်မက်မက် နေသူများစွာ၏ ရင်ဘက်ကို ဘလိတ်ဓားနှင့် မွှန်းသကဲ့သို့ ဖြစ်သွားစေခဲ့သည်။ ဒီအိပ်မက်အတွက် မိဘများ၏ လယ်ယာမြေများကို ရောင်းချစေခဲ့သူများ ပါရှိသည်။ အငှားယာဉ်မောင်းတစ်ဦးကလည်း သူ၏ အငှားယာဉ်အတွက် စပေါ်ငွေများကို ရင်းနှီးပေးဆပ်ခဲ့ရသည်။ လစာနိမ့်ဝန်ထမ်းတစ်ဦးကလည်း သူ၏အလုပ်ကိုထွက်၍ နောက်တစ်ဆင့်မြင့်သောဘဝအတွက် စိတ်ကူးယဉ်အိပ်မက်မက်ခဲ့သည်။

ထိုသို့သောဘဝတွင် ရှိသမျှတွေကို ပုံအပ်ခဲ့သူများစွာတို့အတွက် မည်သူ့ကို အပြစ်တင်ရမှန်းပင်မသိ။ အစိုးရကိုလား။ သင်တန်းကိုလား၊ ကိုရီးယားနိုင်ငံကြီးကိုလား၊ ကိုယ့်ကိုယ်ကိုယ်လား။ သူတို့တွင် ဘာကိုအပြစ်တင်ရမှန်းမသိ။ သူတို့တက်နေသည့် သင်တန်းများကလည်း အားပေးနေပြန်သည်။ ဒီနှစ်မဖြေရပေမဲ့ နောက်နှစ်ဖြေရမှာပါဆိုသည့်ပုံစံမျိုး ဖြေသိမ့်နေကြပြန်သည်။ သင်ထား၊ တက်ထားသည်များကို လေ့ကျင့်ထားကြရန် တိုက်တွန်းနေကြပြန်သည်။

သို့သော် သူတို့သိနေသည်က သူတို့အတွက် ကိုရီးယားအိပ်မက်သည် ၄၀၀၀၀ တွင် မှ ၁၅၀၀ သာအရွေးချယ်ခံဖြစ်ရတော့မည့် အခြေအနေမျိုးဖြစ်သွားခဲ့ပြီ။ သူတို့တွင် ရင်းနှီးထားခဲ့သည်က သူတို့တွင်ရှိသမျှ ကုန်သလောက်ပင်ဖြစ်ခဲ့ပြီ။ သူတို့ ဘာဆက်လုပ်ရမည်မှန်း မသိတော့။ ကံတရားက ရက်စက်သည်ဟုပင် မပြောနိုင်ကြတော့။ သူတို့ လက်မှိုင်ချကုန်ပြီ။ တိုတောင်းသော ထုတ်ပြန်ချက်လေးတစ်ခုက သူတို့၏ဘဝများကို ရက်စက်စွာ ချိုးဖျက်ခဲ့ပြီဖြစ်ပြီး အဆိုပါရက်စက်မှုတွေအတွက် သူတို့တွင် မည်သူ့ကို အပြစ်တင်ရမှန်းပင် မသိတော့ပေ......။

 

Most Read

Most Recent