မိုးခေါင်မှုက နှိပ်စက်နေသည့်ကြား လယ်သမားများနှင့် လှည့်လည်သွားလာသူများ အကြမ်းဖက်လာသော ချဒ်နိုင်ငံ

မိုးခေါင်မှုက နှိပ်စက်နေသည့်ကြား လယ်သမားများနှင့် လှည့်လည်သွားလာသူများ အကြမ်းဖက်လာသော ချဒ်နိုင်ငံ
Published 7 April 2019
နရီမင်း

အက်ဒရီဆေးရုံက အကြီးအကဲဆရာ ဝန်တစ်ဦးဟာ ဖုန်းကိုင်လိုက်တာနဲ့ လူနာတစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားကြောင်းနှင့် အရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်ကြောင်း ကြားရတာဟာ ပုံမှန်လိုဖြစ်နေပါပြီ။

မော်ကြွားခဲ့တဲ့ ၀ါဒိုင်းအင်ပါယာရဲ့ အစိတ်အပိုင်းဖြစ်ဖူးတဲ့ ချဒ်နိုင်ငံအရှေ့ပိုင်းက ဖုန်ထူတဲ့မြို့ကလေး အက်ဒရီမှာ ဒေသခံ လယ်သမားတွေနဲ့ ကုလားအုတ်တွေနဲ့ လှည့်လည်သွားလာကြတဲ့ အုပ်စုတွေအကြား ပဋိပက္ခတွေ မြင့်တက်လာနေပါတယ်။ အဲဒီလှည့်လည်သွားလာသူတွေဟာ နိုင်ငံရဲ့ မြောက်ပိုင်းကနေ လာကြသူတွေပါ။

လွန်ခဲ့တဲ့နှစ်က အဲဒီဆေးရုံဟာ သေနတ်ဒဏ်ရာနဲ့ လူနာပေါင်း ၁၀၀ ကျော်ကို ကုသပေးခဲ့ရပါတယ်။

လူတိုင်းနီးပါး သေနတ်ကိုင်ဆောင်ထားတဲ့ နယ်မြေမှာ စားကျက်မြေနဲ့ ကောက်ပဲသီးနှံတွေ နင်းခြေခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ အကြမ်းဖက်မှုဆီကို အလျင်အမြန် ပြောင်းသွားတတ်ပါတယ်။ ချဒ်နိုင်ငံ အရှေ့ပိုင်းမှာ သူပုန်ထမှုတွေနဲ့ ဆူဒန်နိုင်ငံ ဒါဖာဒေသတွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခ ဖြစ်ပွားမှုတွေကနေပြီး အမွေအနှစ်အဖြစ် သေနတ်ကိုင်ဆောင်လာကြ တာပါပဲ။

အဲဒီလို အငြင်းပွားမှုမျိုးတွေဟာ အာဖရိကတိုက်ရဲ့ အစိတ်အပိုင်း တော်တော်များများမှာ အကျွမ်းတဝင်ဖြစ်နေပါပြီ။

ဒါပေမဲ့ ဆူဒန်နဲ့ နယ်နိမိတ်ချင်း ကပ်နေတဲ့ ချဒ်နိုင်ငံ အရှေ့ပိုင်းမှာတော့ အခုလို သွေးထွက်သံယိုဖြစ်မှုတွေဟာ အခုမှ ရုတ်တရက် ပေါ်လာတာဖြစ်ပြီး ခါးသီးလှတဲ့ မိုးခေါင်ရေရှားမှုနဲ့ မြေသုံးစွဲမှုနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ရမှု မြင့်တက်လာခြင်းတွေကြောင့်ပါပဲ။

644916-01-02.jpg

မတ် ၂၄ ရက်က  ချဒ်အရှေ့ပိုင်း ၀ါဒိုင်းဒေသ ဟက်ဂျာဟာဒစ်၌ လှည့်လည်သွားလာသူများက ၎င်းတို့၏ စည်ပိုင်းများအတွင်းသို့ ရေဖြည့်နေကြစဉ်

ရာသီကို မှီ၍

အက်ဒရီမြို့မှာ တင်းမာမှုတွေဖြစ်ပွားတဲ့ ကာလအတွင်းပဲ ဆေးရုံတင်ရမှုတွေ သိသိသာသာ မြင့်တက်လာတာလို့ ဆေးရုံသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

အဲဒီလိုကာလဆိုတာ ရာသီနဲ့ ဆိုင်ပါတယ်။ မိုးရာသီအကုန် ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လှည့်လည်သွားလာတဲ့ အုပ်စုတွေဟာ သူတို့ရဲ့ တိရစ္ဆာန်တွေကို မြောက်ပိုင်းကို မောင်းလာကြပြီး ဆာဟယ်ဒေသဆီကို ဝင်လာကြပါတယ်။ ရေအရင်းအမြစ်ကစပြီး လျော့နည်းလာချိန် ဇွန်လကုန်မှာတော့ သူတို့ဟာ တောင်ပိုင်းကို ပြန်သွားကြပါတယ်။

အစဉ်အလာအရ ရွာပေါင်း ၁၃၆ ရွာကို ကြီးကြပ်နေတဲ့ ဒေသခံအကြီးအကဲ အက်ဒါရာဟင်ဒါဟက်က အခုခေတ်သစ်မှာ သွေးထွက်သံယိုဖြစ်မှုတွေဟာ ဟိုးရှေးခေတ်ယခင်ကတည်းက ရှိလာတဲ့ ပူးတွဲအခြေချမှုနဲ့ နှိုင်းယှဉ်ရမှာပါပဲလို့ ဆိုပါတယ်။

“ဆယ်စုနှစ်အတော်ကြာအောင် တိရစ္ဆာန်တွေ ရွှေ့ပြောင်းမှုက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

သူတို့ တိရစ္ဆာန်တွေကို အစာကျွေးဖို့ရာ လှည့်လည်သွားလာသူတွေက မြေရိုင်းတွေကိုပဲ အသုံးပြုပြီး သူတို့ တိရစ္ဆာန်တွေ စွန့်ချခဲ့တဲ့ မစင်တွေကို လယ်သမားတွေက မြေသြဇာအဖြစ် အသုံးချနိုင်တာမို့ အကျိုးရှိခဲ့ပါတယ်။ လယ်သမားတွေနဲ့ လှည့်လည်သွားလာသူတွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စားနပ်ရိက္ခာတွေ ကုန်သွယ်ဖလှယ်ကြရင်း နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။

သမိုင်းပညာရှင် မဟာမက်ဆာလာယာကွက်က အဲဒီလူအုပ်စုနှစ်ခုအကြား ဆက်ဆံရေး ကျိုးပျက်သွားမှုကို အကြောင်းခြင်းရာ နှစ်ရပ်နဲ့ ရှင်းပြခဲ့ပါတယ်။

ပထမအချက်က ၁၉၇၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း ဆာဟယ်ဒေသကို နှိပ်စက်လာတဲ့ မိုးခေါင်ရေရှားမှုဖြစ်ပြီး အဲဒါက ပိုပိုဆိုးရွားလာသလိုပါပဲ။

“အခုအခါမှာ လှည့်လည်သွားလာသူတွေဟာ နှစ်တစ်နှစ်အတွင်း ပိုပြီး စောစောရောက်လာကြသလို ပြန်တော့လည်း ပိုပြီး နောက်ကျပါတယ်။ အဲဒီတော့ အစဉ်အလာအတိုင်းရှိခဲ့တဲ့ ပုံစံတွေက ပျက်ယွင်းသွားတော့ တာပေါ့” လို့ တခြားခရိုင်အကြီးအကဲတစ်ဦးက ပြောပါတယ်။

အက်ဒရီမြို့အနီးက အဘေးချီမြို့ ENS အဆင့်မြင့်ကောလိပ်က အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆာလာယာကွက်က ဒုတိယအချက်ကတော့ လူဦးရေရော၊ တိရစ္ဆာန်ဦးရေပါ မြင့်တက်လာလို့ပါလို့ ဆိုပါတယ်။

တိရစ္ဆာန်ဦးရေ၊ လူဦးရေတွေ မြင့်တက်လာခြင်းဟာ ၀ါဒိုင်းရဲ့ ပျက်စီးလွယ်တဲ့ ဂေဟဗေဒဆိုင်ရာ ရင်းမြစ်တွေကို အကျပ်ရိုက်သွား စေပါတယ်။

လူမျိုးစုအချင်းချင်း ပွတ်တိုက်မှု

ပြိုင်ဆိုင်မှုတွေဟာ လူမျိုးစုအချင်းချင်း ပြဿနာတွေနဲ့ ရောထွေးယှက်နွှယ်သွားတယ်လို့လည်း ယာကွက်က ဆိုပါတယ်။

“လူအုပ်စုတွေ အားလုံးမှာ တူညီတဲ့ လူတွေပါတာပါပဲ။ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်ချုပ်တွေ၊ နိုင်ငံရေးသမားတွေ အစုံပေါ့” လို့ ရွာထဲက သက်ကြီးရွယ်အိုတစ်ဦးက ရှင်းပြပါတယ်။

“ကျွန်တော်တို့ အစည်းအဝေးတွေ လုပ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆီကို စာရေးသားပေးပို့ပါတယ်။ ဘာမှ ပြန်စာမလာပါဘူး။  ဒီက လူအုပ်စုတွေအနေနဲ့ သူတို့ကို တွန်းလှန်ဖို့ အာဏာမရှိပါဘူး” လို့ သူက ဆိုပါတယ်။

တိရစ္ဆာန်အုပ်တွေနဲ့ ရောက်လာသူ တော်တော်များများဟာ အရှေ့မြောက်ပိုင်းက လာတဲ့ ဇာဂါ၀ါလူမျိုးစုဝင်တွေပါပဲ။ ၁၉၉၀ ပြည့်နှစ်မှာ အာဏာရလာတဲ့ သမ္မတ အီဒရစ်  ဒေဘီအီတနိုဟာလည််း ဇာဂါ၀ါ လူမျိုးစုဝင် ပါပဲ။

ဇာဂါ၀ါလူမျိုးစုဝင်တွေဟာ ချဒ်နိုင်ငံမှာ  ၀ါဒိုင်းအုပ်ချုပ်ရေးမှူးနေရာကလွဲပြီး ရာထူး တိုင်းကို ရယူထားသလိုပါပဲ။ ဒီတော့ လူမျိုးစုကိစ္စဟာ ဒေသရဲ့ပြဿနာတွေအတွက် အဓိက အပြစ်တင်စရာဖြစ်တယ်လို့ အကြံပြုချက်တွေအားလုံးဟာ ပယ်ချခံရတော့တာပေါ့။

“ဒီလိုမျိုး လူမျိုးစုဆိုင်ရာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုဟာ မှားယွင်းတဲ့ ငြင်းခုံမှုတစ်ရပ်ပါပဲ။ ချဒ်အမျိုးသမီးတွေနဲ့ ချဒ်အမျိုးသားတွေရယ်လို့ ချဒ်ဆိုတဲ့ တစ်ခုတည်းသော ညီညွတ်မှုပဲရှိပါတယ်” လို့ ချဒ်နိုင်ငံရဲ့ သြဇာကြီးလှတဲ့ ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း အာဒီဘူးက ဆိုပါတယ်။

လက်နက်ဖျက်သိမ်းမှု

အာဒီဘူးနေရာကို ဆက်ခံသူဟာ လူရှစ်ဦး သေဆုံးခဲ့တဲ့ လွန်ခဲ့တဲ့ အောက်တိုဘာ လူအုပ်စုအချင်းချင်း အကြမ်းဖက်မှုပြီးတဲ့နောက် ထုတ်ပယ်ခံခဲ့ရပါတယ်။

သူရာထူးရယူထားစဉ်မှာ ပထမဆုံး လုပ်ခဲ့တာတွေထဲက တစ်ခုကတော့ လူထုတွေထဲမှာ အကြီးအကျယ် လက်နက်ဖျက်သိမ်းရေးတစ်ရပ်ကို ကြေညာခဲ့တာပါပဲ။

ရွှေ့ပြောင်းသွားလာမှုတွေမှာ ပါလာတဲ့ တိရစ္ဆာန်တွေအတွက် လယ်ကွင်းဘေး စင်္ကြံလမ်းတွေတစ်လျှောက် ကောက်ပဲသီးနှံတွေ စိုက်ထားတဲ့ လယ်သမားတွေကို လိုက်လံဖမ်းဆီးဖို့ မြို့တော်ဖြစ်တဲ့ ဒါမင်နာကနေ မစ်ရှင်အဖွဲ့တစ်ဖွဲ့ လွှတ်မယ်လို့လည်း သူကသတိပေးခဲ့ပါသေးတယ်။

အဲဒီလို စင်္ကြံလမ်းတွေ ချန်ထားပေးဖို့ ၁၉၅၉ ခုနှစ်မှာ ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ ရွှေ့ပြောင်းသွားလာသူတွေနဲ့ သူတို့ရဲ့ တိရစ္ဆာန်အုပ်တွေ သွားဖို့ရာ လမ်းကြောင်းအဖြစ် မိုင်ဝက်လောက်အကျယ်ကို ချန်ထားပေးရတာပါ။

“ဒါပေမဲ့ ဇာဂါ၀ါရွှေ့ပြောင်းသွားလာ သူတွေဟာ သူတို့ကြိုက်တာလုပ်မယ်၊ ဘယ်သူကိုမှ ဂရုစိုက်စရာမလိုဘူးလို့ ထင်ထားတာ ပါပဲ” လို့ လယ်သမားတစ်ဦးက ဆိုပါတယ်။

“ရွှေ့ပြောင်းသွားလာသူတွေက လက်နက်တွေ ပိုပိုပြီး ကိုင်ဆောင်လာတဲ့အချိန်မှာ ၀ါဒိုင်းသားတွေက လက်နက်ဖျက်သိမ်းဖို့ သဘောတူမယ် ထင်နေလား” လို့လည်း ဒေသခံအရာရှိတစ်ဦးက မေးခွန်းထုတ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အမျိုးသားလွှတ်တော်မှာ ကျေးလက်ဆိုင်ရာဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေဟာ ကျွဲ၊ နွားအုပ်တွေ မွေးမြူတဲ့လူတွေဘက်ကို အကြီးအကျယ် ဘက်လိုက်ထားတယ်လို့ လူထုက ဝိုင်းအော်တာမို့ ဥပဒေကို ပြန်လည်ရုပ်သိမ်း ခဲ့ရပါတယ်။

“အာဏာရှိတဲ့သူတွေက သူတို့လူမျိုးစုကိုပဲ ဘက်လိုက်နေကြရင် အမျိုးသားညီညွတ်ရေးကို လိုလားဖို့ရာ ခက်ခဲပါတယ်” လို့  ဒေသခံအရာရှိတစ်ဦးက ပြောပါတယ်။ သူက လက်တုံ့ပြန်မှုတွေအတွက် စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

ရန်ပွဲတွေကနေ အကြမ်းဖက်မှုကို ပြောင်းသွားတဲ့အခါ ဇာဂါ၀ါလူမျိုးတွေဟာ တရားဝင်ခြင်း၊ မဝင်ခြင်းနဲ့မဆိုင်ဘဲ နာကြည်းချက်တွေအားလုံးအတွက် ပစ်မှတ်ဖြစ်လာတယ်လို့ ဆာလာယာကွက်က ဆိုပါတယ်။

Most Read

Most Recent