ထာဝရငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် NCA လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

ထာဝရငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် NCA လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း ဆင်းပွဲတွင် ကျောင်းဆင်းတပ်ခွဲအား ကြည့်ရှုစစ်ဆေး နေသည်ကို တွေ့ရစဉ်
ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း ဆင်းပွဲတွင် ကျောင်းဆင်းတပ်ခွဲအား ကြည့်ရှုစစ်ဆေး နေသည်ကို တွေ့ရစဉ်
Published 6 April 2019
မောင်ထူး

ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကို အခြေခံပြီး ခိုင်မာစွာ ရပ်တည်ဆောင်ရွက် သွားရမည် ဖြစ်သကဲ့သို့ ထာဝရငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်း NCA လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ဧပြီ ၅ ရက်က ဗထူးတပ်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေး ပြကွင်း၌ ကျင်းပသည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၂၂) သူရတပ်ခွဲသင် တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်သည် ၂၀၁၉ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်း သားပြည်သူများ လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ်သို့ အပ်နှင်းနိုင်ရေး ကြိုပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နောက်ကြောင်းအေးအေးဖြင့် ဆွေးနွေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်တိုင်းနယ်မြေ ငါးခုကို စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး တစ်ဖက်သတ် ရပ်ဆိုင်းပေးထားပြီး ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ယခုကဲ့သို့ မိမိတို့ဘက်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းထားချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်အနက်မှ သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန်၊  ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန် ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်ဆိုသည့် အချက်လေးချက်ကို အလေးထားလိုက်နာရန် လိုအပ်ကြောင်းကို သတိပေးထားပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကို အခြေခံပြီး ခိုင်မာစွာ ရပ်တည်ဆောင်ရွက် သွားရမည် ဖြစ်သကဲ့သို့ ထာဝရငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်း NCA လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်သည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်သွေးချွေး မြောက်မြားစွာရင်းပြီး ကာကွယ်ပေးနေသည် ဆိုသည်မှာ သမိုင်းတွင် အထင်အရှား တွေ့ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်စဉ် သွေးခွဲအုပ်ချုပ်မှုများ၏  နောက်ဆက်တွဲ ရလဒ်ဆိုးများ အဖြစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အယူဝါဒရေးအရလည်းကောင်း၊ လူမျိုးအရေးရလည်းကောင်း၊ ဘာသာရေးအရ လည်းကောင်း စသည့်အခြေအနေ အကြောင်းအရာများပေါ်ကတစ်ဆင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများကို လက်နက်စွဲကိုင် ဆန့်ကျင်ခဲ့ရာမှ လက်နက်ကိုင် ပဋိပက္ခများသည်လည်း စတင်ဖြစ်ပွားခဲ့သည် ဆိုသည်ကို ရဲဘော်တို့ အသိပင်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးနှင့် ထာဝရချုပ်ငြိမ်းစေရန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရာတွင် တည်ငြိမ်ရေးနှင့် အေးချမ်းမှုရှိရန် လိုအပ်ပြီး တည်ငြိမ်းအေးချမ်းမှု ရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒို့တာဝန် အရေးသုံးပါးကို အခြေခံသည့် ငြိမ်းချမ်းရေးမူဝါဒခြောက်ရပ် ချမှတ်ပြီး NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။