အပူလျှပ်ခြင်းအန္တရာယ် သတိပြုဖွယ်

အပူလျှပ်ခြင်းအန္တရာယ် သတိပြုဖွယ်
Published 2 April 2019

ယခုအခါ နွေရာသီ၏ အပူဆုံးလတစ်လဖြစ်သော ဧပြီလသို့ ရောက်ရှိလာခြင်းနှင့်အတူ ပတ်ဝန်းကျင် အပူချိန်သည် တစ်နေ့ထက်တစ်နေ့ မြင့်တက်၍သာ လာနေလေပြီ။ ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာခြင်းနှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေးအန္တရာယ် တစ်ရပ်မှာ အပူလျှပ်ခြင်း (Heatstroke) ဖြစ်သည်။ ယင်းသည် အပူကြောင့်ဖြစ်သော ထိခိုက်မှုများထဲတွင် အဆိုးဆုံးဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) နှင့်အထက်တွင် ဖြစ်ပွားတတ်သည်။ အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည့် အခြေအနေမျိုးဖြစ်ပြီး အချိန်မီ မကုသနိုင်ပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့်ကွက်သားများကို ထိခိုက်ပျက်စီး သွားစေနိုင်ပြီး ကုသမှုခံယူရန် နှောင့်နှေးလေလေ ထိခိုက်ပျက်စီးခံရနိုင်ခြေ များလေလေဖြစ်ကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ အပူလျှပ်ခြင်း ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ () အပူလွန်ကဲသော ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်း၊ () ပြင်းထန်စွာ အလုပ်လုပ်ခြင်း () အဝတ်အစားများ ထူထဲစွာ ဝတ်ဆင်ခြင်း () အရက်သောက်ခြင်း () ဆုံးရှုံးသွားသော ရေဓာတ်များကို ပြန်လည်မဖြည့်ခြင်း အစရှိသည်တို့ဖြစ်သည်။

မည်သူမဆို အပူလျှပ်ခြင်း  ဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေ ပို၍မြင့်မားစေသော အချက်များမှာ အသက်အရွယ် (အပူဒဏ် ခံနိုင်စွမ်းသည် ဗဟိုအာရုံကြော စနစ်အပေါ် မူတည်ပြီး ငယ်ရွယ်လွန်းပါက အာရုံကြောစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးသကဲ့သို့ အသက် ၆၅ နှစ်အထက်တွင်လည်း အာရုံကြောစနစ် ယိုယွင်းပျက်စီး လာသည်။ ထို့ကြောင့် ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူချိန် ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည် နည်းပါးသည်) ပူပြင်းသော ရာသီဥတု၌ ပြင်းထန်စွာ လှုပ်ရှားခြင်း (ပူပြင်းသော ရာသီဥတုမှာ ပြင်းထန်သော လေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့သို့သော အားကစားများ၌ ပါဝင်ခြင်း) ရုတ်တရက် ပူပြင်းသော ရာသီဥတုနှင့် တွေ့ထိခြင်း (ပူပြင်းသော ဒေသများသို့ ခရီးသွားခြင်းဖြင့် ပူသောရာသီဥတုနှင့် ရုတ်တရက် ထိတွေ့လိုက်ရပြီး အပူဒဏ်နှင့်ဆိုင်သော ရောဂါများ ပိုမိုဖြစ်ပွားစေနိုင်သည်) အဲယားကွန်းမရှိခြင်း (ပန်ကာကြောင့် အပူဒဏ် သက်သာနိုင်သော်လည်း တစ်လျှောက်လုံး ပူပြင်းသော ရာသီဖြစ်ပါက အဲယားကွန်းသည်သာ အပူကို အထိရောက်ဆုံး လျှော့ချပေးနိုင်သည်) ဆေးဝါးများ (အချို့သော ဆေးဝါးများက ခန္ဓာကိုယ်၏ ရေဓာတ် ထိန်းသိမ်းမှုနှင့် အပူကို တုံ့ပြန်မှုအား ထိခိုက်စေနိုင်သည်။ ရာသီဥတု ပူပြင်းပါက သွေးကြောကျဉ်းစေသော ဆေးများ၊ သွေးကျဆေးများ၊ ဆီးဆေးများနှင့် စိတ်ကျရောဂါအတွက် သုံးသောဆေးများကို သတိထား သုံးစွဲသင့်သည်) အစရှိသည်တို့ ဖြစ်သည်။ ၎င်းအပြင် အဝလွန်သူများ၊ ယခင်က အပူလျှပ်ခြင်း ဖြစ်ဖူးသူများနှင့် နာတာရှည် ရောဂါများဖြစ်သည့် နှလုံး (သို့) အဆုတ်ရောဂါ ခံစားနေရသူများမှာ အပူလျှပ်ခြင်း ဖြစ်နိုင်ခြေ ပိုများသည်။

အပူလျှပ်ခြင်း၏ ရောဂါလက္ခဏာများမှာ ကိုယ်ပူချိန်တက်ခြင်း (ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် အထက်သည် အပူလျှပ်ခြင်း၏ အဓိက လက္ခဏာဖြစ်သည်) စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊  စကားမပီခြင်း၊  စိတ်ဆိုးလွယ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပွားနိုင်သည်) ချွေးထွက်မှု ပုံစံပြောင်းခြင်း (ရာသီဥတုပူ၍ ဖြစ်ပွားသော အပူလျှပ်ခြင်း၌ အရေပြားသည် ပူ၍ခြောက်သွေ့နေတတ်ပြီး လေ့ကျင့်ခန်းကြောင့် ဖြစ်ပွားပါက အရေပြားသည် စိုစွတ်နေတတ်သည်) ပျို့ခြင်းနှင့်  အော့အန်ခြင်း၊ အရေပြား နီမြန်းလာခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။

အပူလျှပ်ခြင်း ဖြစ်ပွားသူအား အိမ်၌ကုသ၍ မလုံလောက်နိုင်ပါ။ ရောဂါလက္ခဏာ များပြားပါက အရေးပေါ် ဆေးကုသမှု ခံယူရမည်ဖြစ်သည်။ အရေးပေါ်ကုသမှု မပြုနိုင်မီ အပူလွန်ကဲသူအား အေးသွားစေရန် ချက်ချင်း ဆောင်ရွက်ရမည်။ အရိပ်ထဲ (သို့) အဲယား ကွန်းရှိသောနေရာ (သို့) အိမ်ထဲသို့ ခေါ်လာပါ။ ထူထဲသော အဝတ်များကို ချွတ်ပစ်ပါ။  ဖြစ်နိုင်သော နည်းလမ်းများဖြင့် အအေးပေးပါ။ ရေအေးဖြင့် ရေချိုးပေးခြင်း (သို့) ရေပတ်တိုက်ပေးခြင်းများ ပြုလုပ်ပါ။ ရေငွေ့ပန်ကာဖြင့် အအေးပေးခြင်း၊ ရေခဲကပ်ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့အား ရေစိုဝတ်ဖြင့် အုပ်ပေးခြင်းတို့ ပြုလုပ်ပေးပါ။ ရေဓာတ် ပြန်လည်ဖြည့်တင်းရန် ရေများများ သောက်ပါ။ ချွေးထွက်များပါက ဆားဓာတ်ဆုံးရှုံးနိုင်သဖြင့် ဓာတ်ဆား ပြန်သောက်ပေးပါ။ သကြား (သို့) အရက်ပါသည့် အဖျော်ယမကာများနှင့် ရေခဲရေကို ရှောင်ပါ။ ယင်းတို့သည် ခန္ဓာကိုယ်၏ အပူချိန် ထိန်းသိမ်းမှုကို အနှောင့်အယှက် ပေးနိုင်သည်။ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ခေါ်သွားပါ။ အပူချိန်လျှော့ချ လိုက်ခြင်းကြောင့် တုန်လာပါက Benzodiazepine ကဲ့သို့ ဆေးများပေး၍ တုန်ခြင်းကို တားဆီးနိုင်သည်။ ချမ်း၍တုန်ခြင်းသည် ခန္ဓာကိုယ် အပူချိန်တက်စေပြီး ကုသမှုကို ထိရောက်မှု နည်းစေနိုင်သည်။

မည်သို့ပင် ဆိုစေကာမူ ပတ်ဝန်းကျင် အပူချိန် ပြင်းထန်သော နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အပူလျှပ်ခြင်း အန္တရာယ်ကို အထူးသတိပြုကြပါရန် The Daily Eleven သတင်းစာက နှိုးဆော်အပ်ပါသည်။

ဧပြီ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent