နို်င်ငံရေးဆိုင်ရာ ဒီမိုဂရပ်ဖီ

နို်င်ငံရေးဆိုင်ရာ ဒီမိုဂရပ်ဖီ
Published 1 April 2019

ဒီမိုဂရပ်ဖီဟူသည် လူဦးရေနှင့်ပတ်သက်သော စာရင်းအင်းဆိုင်ရာ လေ့လာချက် ဖြစ်သည်။ အလွန်အထွေထွေ သဘောဆောင်သည့် သိပ္ပံပညာတစ်ရပ်အဖြစ် ဒီမိုဂရပ်ဖီကို လူသားတို့၌သာမက အခြားသတ္တဝါများ၌ပါ လက်ရှိဦးရေနှင့်ပတ်သက်သော မည်သည့်ရွေ့လျားပြောင်းလဲမှုမျိုးကိုမဆို လေ့လာသုံးသပ်ရာ၌ အသုံးပြုနိုင်သည်။ (အချိန်နှင့် နေရာအလိုက် လူဦးရေပြောင်းလဲမှုများကို လေ့လာသုံးသပ်ခြင်းကို ဆိုလိုသည်။) ဒီမိုဂရပ် ဖီ၏နယ်ပယ်သည် ယင်းလူဦးရေတို့၏ အရွယ်အစား၊ ဖွဲ့စည်းပုံနှင့် ဖြန့်ကြက်တည်ရှိမှု အပြင် မွေးဖွားမှု၊ ရွှေ့ပြောင်းမှု၊ အသက်အရွယ် ကြီးရင့်လာမှုနှင့် သေဆုံးမှုကို တုံ့ပြန်သည့် နေရာအလိုက် သို့မဟုတ် အချိန်အလိုက် အပြောင်းအလဲများအား လေ့လာမှုအဖြစ် အတိုင်းအတာကျယ်ပြောသည်။ ကမ္ဘာကြီး၏ ဒီမိုဂရပ်ဖစ်ဆိုင်ရာ သုတေသနအပေါ် အခြေခံလျက် ၂၀၅၀ ပြည့်နှစ်နှင့် ၂၁၀၀ ပြည့်နှစ်များသို့အရောက်၌ ကမ္ဘာကြီး၏ လူဦးရေ မည်မျှရှိမည်ကို ဒီမိုဂရပ်ဖီလေ့လာသူများက ခန့်မှန်းတွက်ချက်နိုင်သည်။ ဒီမိုဂရပ်ဖစ်ဟူသည်  သက်ဆိုင်ရာလူဦးရေတစ်ရပ်၏ အရေအတွက်ဆိုင်ရာလက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ ဒီမိုဂရပ်ဖီဟူသည်မှာမူ လူဦးရေအပြောင်းအလဲက နိုင်ငံရေးအပေါ် သက်ရောက်ပုံအား လေ့လာမှုဖြစ်သည်။ လူဦးရေအပြောင်းအလဲကို မွေးဖွားမှု၊ သေဆုံးမှု၊ လူဦးရေ၌ အသက်အရွယ်အလိုက် ဖွဲ့စည်းပုံနှင့် ရွှေ့ပြောင်းအခြေချမှု အစရှိသော ပုံမှန်ဒီမိုဂရပ်ဖစ်ဖြစ်စဉ်များက တွန်းအားပေးခြင်း ဖြစ်သည်။

သို့သော် နိုင်ငံရေးဆိုင်ရာ ဒီမိုဂရပ်ဖီ၌ ယုံကြည်လက်ခံထားသည့် သဘောတရားများအပြင် နယ်နိမိတ်များနှင့် မည်သူမည်ဝါဖြစ်သည်ဟု သက်သေခံဖော်ပြချက်များ၏ အပြောင်းအလဲများပါ ပါဝင်သည်။ ယင်းတို့သည် ဇီဝဗေဒဆိုင်ရာ လူဦးရေများ၌ ဖြစ်နိုင် ခြင်းမရှိသည့် နည်းလမ်းမျိုးဖြင့် လူဦးရေ၏ နယ်နိမိတ်မျဉ်းများကို ပြန်လည်ရေးဆွဲခြင်း ပြုနိုင်ကြသည်။ သိသာထင်ရှားသည်မှာ နိုင်ငံရေးဆိုင်ရာ ဒီမိုဂရပ်ဖစ် ထိုးထွက်လာမှုများကို လူမှုရေးဆိုင်ရာ အပြောင်းအလဲများကြောင့် ဖြစ်ပွားသည့် ဒီမိုဂရပ်ဖစ်အကြောင်း တရားများနှင့် ကူးပြောင်းမှုများအတွက် ထည့်သွင်းတွက်ချက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ ဒီမိုဂရပ်ဖီနယ်ပယ်၌ လေ့လာရသည့် အကြောင်းအရာအချို့မှာ ဖွံ့ဖြိုးဆဲကမ္ဘာ၌ လူငယ်လူဦးရေ တစ်ရှိန်ထိုးမြင့်တက်လာမှုနှင့် မြို့နေလူဦးရေ မြင့်တက်လာခြင်း၏ ရိုက်ခတ်မှုတို့ဖြစ်ကြသည်။ နိုင်ငံရေးဆိုင်ရာ ဒီမိုဂရပ်ဖီကို လေ့လာကြသူများသည် နိုင်ငံရေး အကြောင်းခြင်းရာတစ်ရပ်၌ လူဦးရေကြီးထွားမှုကဲ့သို့သော အကြောင်းအရာများကို လေ့လာကြသည်။ လူဦးရေ ကြီးထွားမှုတစ်ရပ်အပေါ်သို့ သေဆုံးသည့်နှုန်း၊ မွေးဖွားသည့်နှုန်းနှင့် ရွှေ့ပြောင်းအခြေချမှုနှုန်းကဲ့သို့သော အကြောင်းခြင်းရာများ၏ နှိုင်းရဟန်ချက်က သက်ရောက်သည်။

မျက်မှောက်ခေတ်ကမ္ဘာ၏ အင်အားအကြီးဆုံး နိုင်ငံများစွာတို့၌ သက်ကြီးရွယ်အိုများ ပါဝင်မှုနှုန်း အလျင်အမြန် မြင့်တက်၍လာနေသည်။ မွေးဖွားမှုနှုန်း သိသိသာသာ ကျဆင်းခြင်းနှင့် မျှော်မှန်းနိုင်သည့် ဘဝသက်တမ်း သိသိသာသာမြင့်တက်လာခြင်းတို့၏ ရလဒ်ဖြစ်သည်။ ထိုအခါ အဆိုပါနိုင်ငံများ၌ လုပ်သားအင်အားစုသည် ကျုံ့ဝင်၍လာပြီး သက်ကြီးရွယ်အိုများအတွက် အသုံးစရိတ်မြင့်တက်လာသောကြောင့် ၎င်းတို့၏ စီးပွားရေး ကြီးထွားမှုနှုန်းမှာ နှေးကွေး၍လာသည်။ ၂၀၅၀ ပြည့်နှစ်သို့အရောက်တွင် ဂျပန်နှင့် ရုရှားတို့၌ လုပ်သားအင်အားစုသည် ရာခိုင်နှုန်း ၃၀ ကျော် ကျဆင်းလိမ့်မည်ဟု တွက်ချက်ခန့်မှန်းထားပြီး ဂျာမနီနိုင်ငံသည် ၂၅ ရာခိုင်နှုန်း ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားသည်။ ယင်းနိုင်ငံများ၏ အစိုးရအဖွဲ့များသည် ၎င်းတို့လူဦးရေအတွင်းရှိ သက်ကြီးရွယ်အိုများ အား ဘဏ္ဍာရေးဆိုင်ရာအရ အာမခံချက်များပေးထားရာ နိုင်ငံဂျီဒီပီ၏ များစွာသော ရာခိုင်နှုန်းပမာဏသည် သက်ကြီးရွယ်အိုများအတွက် ကုန်ကျခံရမည်ဖြစ်သည်။ ဥပမာအားဖြင့် လက်ရှိအရေအတွက်ပေါ် အခြေခံပါက ဂျပန်၊ ပြင်သစ်နှင့် ဂျာမနီတို့၏ နိုင်ငံ ဂျီဒီပီ ၂၅ ရာခိုင်နှုန်းကျော်သည် ၂၀၄၀ ပြည့်နှစ်သို့အရောက်တွင် သက်ကြီးရွယ်အိုများအတွက် ကုန်ကျခံရဖွယ်ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူများအပေါ် အကျိုးသက်ရောက်မည့် နိုင်ငံရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ဒီမိုဂရပ်ဖီသည် မဖြစ်မနေ လေ့လာသုံးသပ်ရမည့်အကြောင်း အရာတစ်ရပ်ဖြစ်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။



(ဧပြီလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent