ရွေးကောက်ပွဲဲပြီးနောက် ထိုင်းနိုင်ငံမှာ ဘာဆက်ဖြစ်မလဲ

ရွေးကောက်ပွဲဲပြီးနောက် ထိုင်းနိုင်ငံမှာ ဘာဆက်ဖြစ်မလဲ
Published 31 March 2019
နရီမင်း

အာဏာသိမ်းခေါင်းဆောင်က အရပ်သားအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် အောင်ပွဲခံမလား၊ ပါတီတွေ မဟာမိတ်ဖွဲ့ပြီး သူ့ကို ဟန့်တားနိုင်မလား ဒါမှမဟုတ် ပါလီမန်မှာ အင်အားညီမျှနေမှုက နောက်ထပ် နိုင်ငံရေး ပဋိပက္ခအသစ်ဖြစ်လာစေမလား။ ထိုင်းနိုင်ငံရဲ့ အငြင်းပွားနေတဲ့ ရွေးကောက်ပွဲအကျိုးရလဒ်က ရွေးကောက်ပွဲပြီးလို့ သီတင်းတစ်ပတ်အကြာမှာတောင် ဝေခွဲရခက်နေတုန်းပါပဲ။

 

စစ်အစိုးရအဖွဲ့ခေါင်းဆောင်က ဝန်ကြီးချုပ်ဖြစ်လာမှာလား

ဒါကတော့ စိတ်ချရတဲ့ အလောင်းအစား တစ်ရပ်ပါပဲ။

စစ်အစိုးရက ကျောထောက်နောက်ခံ ပြုပေးထားတဲ့ ဖာလန်းပရာချာရက်ပါတီဟာ လူကြိုက်များမှု မဲ (Popular Vote) နဲ့ သူ့ ပြိုင်ဘက်တွေကို အနိုင်ယူထားပါတယ်။

ဒါက အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာကို အာဏာရစေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ဦးဟာလည်း ဝန်ကြီးချုပ် ရွေးချယ်ရာမှာ မဲပေးနိုင်ပါတယ်။

အဓိပ္ပာယ်ကတော့ ဖာလန်းပရာချာရက် ပါတီအနေနဲ့ အောက်လွှတ်တော်မှာ သူ့ကို ထောက်ခံဖို့ အမတ် ၁၂၆ နေရာပဲ လိုအပ်ပါတယ်။ သူရဲ့ နိုင်ငံရေးပြိုင်ဘက်တွေအနေနဲ့ကတော့ များပြားလှတဲ့ ပမာဏဖြစ်တဲ့ ၃၇၆ နေရာ လိုအပ်မှာ ဖြစ်ပါတယ်။

ဖာလန်းပရာချာရက်ပါတီဟာ အခုလက်ရှိမှာ အောက်လွှတ်တော်အမတ် ၉၇ နေရာကို ရရှိထားပြီး ညွန့်ပေါင်းဖွဲ့တာအပြင် အခုထိ မထုတ်ပြန်ရသေးတဲ့အတွက် ပါတီအမတ်နေရာတွေမှာ ထပ်ပြီး အနိုင်ရနိုင်စရာလည်းရှိနေပါသေးတယ်။

ကျန်ရှိနေတဲ့ ပါတီအမတ် ၁၅၀ နေရာကို ပါတီအသီးသီးရဲ့ လူကြိုက်များမှုမဲ (Popular Vote) တွေကို အသုံးပြုပြီး ရေတွက်သွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ  ဖာလန်းပရာချာရက်ပါတီဟာ လူကြိုက်များမှုမဲ (Popular Vote) မှာ အများ စု (၈ ဒသမ ၄ သန်း) အနိုင်ရရှိထားတာက သူ အသာစီးရရှိဖို့ အကြီးအကျယ် အလုပ်ဖြစ် လာပါလိမ့်မယ်။

ဒါပေမဲ့ ကြန့်ကြာမှုတွေနဲ့ မဲပြားတွေမှာ အမှားမှားအယွင်းယွင်းဖြစ်ခဲ့မှုတွေက ရွေးကောက်ပွဲရဲ့ သမာဓိအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

“လူတွေက သူတို့ရတဲ့ လူကြိုက်များမှုမဲ (Popular Vote) ကို မေးခွန်းထုတ်ကြပါတယ်”  လို့ အူဘွန်ရက်ချာသန်နီတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် တီတီပိုးဖက်ဒီးဝါ နစ်က ပြောပါတယ်။

“ရွေးကောက်ပွဲဟာ မသမာဘူးလို့ လူတွေက ယုံကြည်နေဆဲပါပဲ” လို့လည်း သူက ဆိုပါတယ်။

 

ဒီမိုကရေစီအုပ်စုက အနိုင်ရနိုင်သလား

ဒါဟာ ရေဆန်လမ်းပါပဲ။ ဒါပေမဲ့ ဒါကို သူတို့ တိုက်ပွဲဝင်နှင့်ပြီးသားပါ။

ပါတီခုနစ်ခုဟာ “ဒီမိုကရက်သစ်တပ်ဦး” ညွန့်ပေါင်းအဖွဲ့ဆိုပြီး ဖွဲ့စည်းလိုက်ပါတယ်။  သူတို့ဟာ အောက်လွှတ်တော်မှာ အများစုဖြစ်တဲ့ အမတ်နေရာ ၂၅၅ နေရာ ရရှိထားပြီး  အစိုးရဖွဲ့ခွင့်လည်း ရှိနေပါတယ်။

အဲဒီညွန့်ပေါင်းအဖွဲ့ကို သူ့ဘာသာ ပြည်ပကို ထွက်ပေါင်းတိမ်းရှောင်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနဲ့ ပတ်သက်နေတဲ့ ဖြူထိုင်းပါတီက ဦးဆောင်ပါတယ်။ ၂၀၀၁ ခုနှစ် နောက်ပိုင်း ရွေးကောက် ပွဲတိုင်းမှာ သက်ဆင်နဲ့ပတ်သက်တဲ့ ပါတီတွေကပဲ အနိုင်ရရှိခဲ့တာပါ။

ဖြူထိုင်းပါတီရဲ့ အထင်ရှားဆုံး မဟာမိတ်ကတော့ စစ်တပ်ဆန့်ကျင်ရေး Future Forward ပါတီပါပဲ။ အဲဒီပါတီကို ရုပ်သံတွေထဲမှာ ကြည့်ကောင်းတဲ့ မျက်နှာအသွင်အပြင်နဲ့ ပေါ်လာတတ်တဲ့ ငယ်ရွယ်သူ ဘီလျံနာ သူဌေး သာနာသွန်းဂျူအန်ဂရွန်းဂရူအန်ကစ်က ဦးဆောင်ပါတယ်။ သူဟာ လူငယ်မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ပြီး ထိုင်းနိုင်ငံရေးမှာ လူကြိုက်များမှုမဲ (Popular Vote)အရ  အခုတော့  တတိယမြောက်အကြီးဆုံးပါတီဖြစ် လာပါတယ်။

ဒါပေမဲ့ အောက်လွှတ်တော်မှာ အမတ်နေရာအများစုရထားမှုဟာ ခိုင်မာတယ်လို့ မဆိုနိုင်သေးပါဘူး။

အတည်ပြုပြီး နောက်ဆုံးရလဒ်တွေကို  မေ ၉ ရက်မတိုင်ခင် မမျှော်နိုင်သေးဘဲ  အလယ် အလတ်ပါတီတစ်ခုဖြစ်တဲ့ Bhumjaithai ပါတီဟာလည်း ဘယ်သူနဲ့ပေါင်းမယ်ဆိုတာမျိုး ခုထိ မလုပ်သေးပါဘူး။

သိပ်ကို ချမ်းသာတဲ့ Bhumjaithai  ပါတီခေါင်းဆောင် အနုတင်ချန်ဗီရာကူးက သူ့ကိုယ်သူ “ပြိုင်ပွဲကို အဆုံးအဖြတ်ပေးသူ” လို့  ပြောထားပြီး ဝန်ကြီးချုပ်ရာထူး အချောင်ပေးပြီး ကမ်းလှမ်းခံရနိုင်ပါသေးတယ်။

သူက သူ့ပါတီဟာ ခုထိ နိုင်ငံရေးလားရာအပေါ် မဆုံးဖြတ်ရသေးဘူးလို့ သူ့ Facebook အကောင့်မှာ မကြာသေးမီက ပြောထားပါတယ်။

ပါလီမန်မှာ အားပြိုင်နေမှာလား

ဒီမိုကရေစီအုပ်စုလို့ခေါ်တဲ့ အဖွဲ့ရဲ့ အောက်လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ဟာ စစ်အစိုးရက ခန့်ထားတဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်အရေအတွက်နဲ့ အပြိုင်ဖြစ်နေတာက ထိုင်းပါလီမန်သစ်အတွက် အားပြိုင်မှုဖြစ်လာနိုင်တယ်လို့  သုံးသပ်သူတွေက ဆိုပါတယ်။

ဒီလို အခင်းအကျင်းမှာ ပရာယွတ်က ဝန်ကြီးချုပ်ဖြစ်ပေမဲ့ အောက်လွှတ်တော်မှာ သူ့ကို ဆန့်ကျင်မယ့်သူတွေက လွှမ်းမိုးကြီးစိုးနေမယ့်သဘောပါပဲ။

ဖြူထိုင်းပါတီဦးဆောင်တဲ့ အတိုက်အခံအုပ်စုဟာ လွှတ်တော်ဥက္ကဋ္ဌနေရာကို ထိန်းချုပ်ထားနိုင်ပြီး တစ်ဖက်က လုပ်ဆောင်ချက်ဟူသမျှကို အတည်ပြုချက်မပေးဘူးဆိုရင်  သူမသာ ကိုယ်မသာအနေအထားနဲ့ အားပြိုင် မှုဖြစ်နေပါလိမ့်မယ်။

“စစ်အစိုးရက အုပ်ချုပ်ရေး ချည့်နဲ့သွားတာကို ကာကွယ်ဖို့ အာဏာရယူခဲ့ပေမဲ့ ဒီလိုပုံစံမျိုးနဲ့ နောက်ထပ်ချည့်နဲ့မှုမျိုးပဲ ထပ်ဖြစ်လာလိမ့်မယ်ဆိုတာက ရယ်စရာတော့ ကောင်းပါတယ်” လို့  မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာဌာနက စင်ကာပူအခြေစိုက် သုတေသနပြုသူ အေရွန်ကွန်နယ်လီက ဆိုပါတယ်။

ဒါဟာ ဘာကြောင့် Bhumjaithai ပါတီ က ထိုင်းနိုင်ငံအနေနဲ့ နောက်ထပ် အကျပ်အတည်းတစ်ရပ်ထဲကို ကျရောက်မသွားအောင် ရှောင်ရှားနိုင်ဖို့ ကမ်းလှမ်းချက်တစ်ရပ်ရပ်ကို လက်ခံရေးနဲ့ပတ်သက်ပြီး သေသေချာချာ စဉ်းစားနေရသလဲဆိုတဲ့ အချက်ပါပဲ။

“ဒီနိုင်ငံရေးသမားတွေ စဉ်းစားတဲ့အခါ ရုပ်ရှင်ကားတစ်ကားထဲမှာ၊ ရုပ်သံစီးရီးတစ်ခု ထဲမှာ စဉ်းစားကြသလိုမျိုး ရိုက်ချက်တစ်ခု တည်းကို သူတို့ စဉ်းစားတာ မဟုတ်ဘူး”လို့  နာရီဆူအန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပညာရှင် နာပီဆာဝေတူးကီယက်က ဆိုပါတယ်။

Most Read

Most Recent