အကယ်ဒမီ ယွန်းယွန်း ငယ်စဉ်ဘဝ အမှတ်တရဖြတ်သန်းရာ

အကယ်ဒမီ ယွန်းယွန်း ငယ်စဉ်ဘဝ အမှတ်တရဖြတ်သန်းရာ
Published 21 March 2019
လင်းလင်းခိုင်

 

ရုပ်ရှင်နယ်ပယ်အတွင်းမှာ အရေအတွက်မများလှတဲ့ ကလေးသရုပ်ဆောင်တွေ ရှိကြတဲ့အနက် ဆံပင်ရှည်ရှည်၊ ချစ်စဖွယ်အပြုံးနဲ့ အမူအရာပီပြင်လှတဲ့ ကလေးသရုပ်ဆောင်လေးကတော့ အကယ်ဒမီယွန်းယွန်းပဲ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ ဇာတ်ကားပေါင်းများစွာ မှာပါဝင်ခဲ့သလို အကယ်ဒမီထူးချွန်ဆုသမိုင်းမှာ ရခဲလှတဲ့ ကလေးသရုပ်ဆောင်အထူးဆုကိုပါ ဆွတ်ခူးရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တက္ကသိုလ်တက်ရောက်နေပြီး ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ ချစ်ခင်တဲ့ပရိသတ်များရဲ့ မျက်စိရှေ့မှောက်မှာပဲ တစစကြီးပြင်း အရွယ်ရောက်လာခဲ့သူ ယွန်းယွန်းရဲ့ ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်အချို့ကို တင်ဆက်ပေးချင်ပါတယ်။

ယွန်းယွန်းကို ဇန်နဝါရီ ၁၉ ရက် ၂၀၀၀ ပြည့်နှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဘွားဖြစ်သူက သရုပ်ဆောင် ဒေါ်သဲနုအောင်ဖြစ်တာကြောင့် အနုပညာမျိုးရိုးရှိသူ တစ်ဦးလို့လည်း ပြောလို့ရပါတယ်။ ငယ်စဉ်ကလေးဘဝမှာကတော့ ရုပ်ရှင်ရိုက်တမ်းကစားတာတွေ၊ သရုပ်ဆောင်တစ်ယောက်လို ဟန်ပန်လုပ်တာတွေ၊ ကြော်ငြာတွေထဲက မင်းသမီး ရဲ့ဟန်ပန်အတိုင်း လိုက်လုပ်တတ်တာတွေက အမှတ်တရပါပဲလို့ ယွန်းယွန်းကဆိုပါတယ်။ ယွန်းယွန်းရဲ့ ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့  ပထမဆုံးအစက အသက်သုံးနှစ်ခွဲလောက်မှာ ဗီဒီယိုဇာတ်ကားတစ်ကားမှာ ပါဝင်ဖြစ်သွားတာပါလို့ အမှတ်တရပြောပြခဲ့ပါတယ်။

ဒီနောက်မှာတော့ ယွန်းယွန်းက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဗီဒီယိုမှာဆိုရင်တော့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) နဲ့ရိုက်ကူးဖြစ်ခဲ့တဲ့ ဇာတ်ကားလေးတွေကို အမှတ်တရရှိခဲ့ပြီး ရုပ်ရှင်ကားကြီးတွေမှာတော့ အကယ်ဒမီဝိုင်းနဲ့ရိုက်ကူးခဲ့ရတဲ့ စေတန်ရဲ့ကချေသည်၊ လက်ပံ၊ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားတွေက အမှတ်တရပါလို့ ဆိုပါတယ်။ ဇာတ်ကားတစ်ကားချင်းစီတိုင်းမှာ သိကျွမ်းနားလည်သလောက်ကြိုးစားခဲ့တာဖြစ်လို့ ပြန်ကြည့်တိုင်းတော့ အမှတ်ရပါတယ်လို့ ဆိုပါတယ်။

ယွန်းယွန်းက ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေရင်းမှာပဲ ကျောင်းပညာရေးကိုလည်း မလစ်ဟင်းစေခဲ့ပါဘူး။  ကျောင်းတက်စဉ်မှာတွေ့ဆုံခဲ့ ရတဲ့ သူငယ်ချင်းတွေကတော့ ငယ်စဉ်ကလေးဘဝတည်းက သူငယ်ချင်းများနဲ့သာ နှစ်စဉ် အတန်းတိုင်းမှာ ကြုံဆုံရတာဖြစ်လို့ ကလေးသရုပ်ဆောင်အဖြစ် တည်ရှိနေမှုက ကျောင်းသူတစ်ယောက်ဘဝကိုလည်း အများကြီးအနှောင့်အယှက်မဖြစ်စေခဲ့ဘူးလို့ ဆိုပါတယ်။

ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားပေါင်းများစွာရိုက်ကူးအပြီးမှာတော့ ‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ်ကားမှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်နဲ့ အကယ်ဒမီသမိုင်းရဲ့ရခဲလှတဲ့ အထူးဆုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာကြိုးစားအားထုတ်ခဲ့ရတဲ့ အမှတ်တရတွေနဲ့ ဆုရရှိ ခဲ့တဲ့အပေါ် ပျော်ရွှင်မှုကိုလည်း ယွန်းယွန်းက အခုလိုပဲဆိုပါတယ်။

“အဲဒီဇာတ်ကားမှာက ယွန်းလည်းအရမ်းပင်ပန်းသလို မေမေလည်းတော်တော်လေး ပင်ပန်းတယ်။ ဇာတ်ကားထဲက နှစ်ကိုယ်ခွဲစရိုက်က လုံးဝဆန့်ကျင်ဘက်ဖြစ်နေရမှာလေ။ ရိုက်နေရင်းနဲ့မိတ်ကပ်၊ ဆံပင်ကအစ ပုံစံချက်ချင်းပြောင်းရတာဆိုတော့ တော်တော်လေးပြင်ဆင်ရသလို ပင်ပန်းတယ်။ ပြီးတော့ နယ်မှာအချိန်ယူပြီး သွာရိုက်ခဲ့ရတဲ့ဇာတ်လမ်းပေါ့။ အဲဒီလိုပင်ပန်းတာတွေက ရုံတင်တဲ့အချိန်ပရိသတ်တွေက ကြိုက်တယ်ဆိုတာနဲ့တင် ကျေနပ်နေပါပြီ။ ဆုတွေဘာတွေလည်း မမှန်းပါဘူး။ တကယ်တမ်း အကယ်ဒမီပွဲနီးလာတော့ ပရိသတ်တွေကလည်း ရစေချင်ကြတယ်။ မီဒီယာတွေကလည်း မေးပေးကြတယ်ဆိုတော့ ရင်တော့ခုန်တာပေါ့။ တကယ်လည်း ဆုရသွားရော ကိုယ်တိုင်အတွက် ပျော်တယ်ဆိုတာထက် ရစေချင်တဲ့ သူတွေပျော်ကြတယ်ဆိုတာနဲ့တင် ကျေနပ်ပါတယ်” လို့ယွန်းယွန်းက အမှတ်တရဆိုခဲ့ပါတယ်။

ယွန်းယွန်းက ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေရပ်နားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်စွာအောင်မြင်အောင် ကြိုးစားခဲ့ပါတယ်။ ဒီနောက်မှာတော့ စိတ်ပညာ အထူးပြုနဲ့တက္ကသိုလ်တက်ရောက်နေသလို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခုဖြစ်တဲ့ UK က ABE Business Management ကို တက်ရောက်သင်ယူခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာ အကယ်ဒမီယွန်းယွန်းက ‘မနေ့ကဖြစ်သည်’        ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ကောင်မလေးရဲ့ စိတ္တဇဆန်ဆန်အတွေးတွေကနေ ရာဇဝတ်မှု ကျူးလွန်တဲ့အထိ ဖြစ်သွားရတာကို ဇာတ်လမ်းတွဲတစ်ခုလုံးမှာ  ပိပိရိရိသရုပ်ဆောင်ပြီး ပရိသတ်ရဲ့အံ့အားသင့်အားပေးမှုကို ရယူနိုင်ခဲ့ပါတယ်။ “အဲဒီဇာတ်ကားက ဇာတ်လမ်းလေးကိုကြည့်တော့လည်း လုပ်ကြည့်ချင်တယ်။ မလုပ်ဖူးသေးတဲ့ ကာရိုက်တာမျိုးပေါ့။ တွဲဖက်သရုပ်ဆောင်ရမှာကလည်း လူငယ်တွေပဲဆိုတော့ လုပ်ကြည့်မယ်ဆိုပြီး ရိုက်ဖြစ်သွားတာ။ တကယ်တမ်းရိုက်တဲ့ အချိန်တွေတုန်းကလည်း လူတစ်ယောက်ကို ချစ်မိသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ခံစားမှုမျိုး၊ သူ့ကိုစိတ်ဝင်စားလာအာင် မာယာတွေသုံးရတာမျိုးဆိုရင် ခက်ခဲပါတယ်။ စိတ်တွေကျဉ်းကျပ်မိတဲ့အထိ ခက်ခဲခဲ့တယ်။ ရုပ်သံမှာပြတဲ့အခါကျတော့လည်း ပရိသတ်တွေက ယွန်းကိုပဲတွေ အရမ်းများလာတယ်။ အိုဗာအက်တင်တွေလုပ်တယ်လို့ ဇာတ်ကားအစပိုင်းမှာပြောကြတော့ စိတ်မကောင်းဖြစ်ရတာပေါ့နော်။ တကယ်တမ်းဇာတ်ကားဆုံး သွားတဲ့အခါကျတော့မှ ဒီလို စိတ္တဇဝေဒနာရှိလို့ ဒီလိုအိုဗာတွေ လုပ်ပြတာပါလားလို့နားလည်ပြီး ချီးကျူးကြတယ်။ အဲဒီအချိန်ကျမှပဲ သက်ပြင်းချနိုင်ပါတယ်။ ယွန်းအတွက် အမှတ်တရရှိရတဲ့ဇာတ်ကားပါ” လို့ ယွန်းယွန်းပြောပြခဲ့ပါတယ်။

လက်ရှိမှာခေါင်းဆောင်မင်းသမီးအနေနဲ့ ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေ ရှိပေမယ့် ကလေးအဖြစ်သာမြင်သေးတဲ့ ပရိသတ်တွေနဲ့ ခေါင်းဆောင်မင်း သမီးအဖြစ်ရိုက်စေချင်တဲ့ပရိသတ် နှစ်ပိုင်းကွဲနေတာကြောင့် တွေဝေနေမိတယ်လို့လည်း ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။ လက်ရှိအသက်အရွယ်၊ ဇာတ်ကောင်စရိုက်နဲ့ အံဝင်ခွင်ကျဖြစ်တာမျိုးရှိရင်တော့ အကောင်းဆုံး ရွေးချယ်ပြီး လုပ်ဖြစ်သွားမှာပါလို့လည်း ယွန်းယွန်းကဆိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာ ရုပ်ရှင်ချစ်သူတွေကချစ်ခင်အားပေးရတဲ့ ကလေးသရုပ်ဆောင်ယွန်းယွန်းရဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်အချို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း အနုပညာရှင်တွေရဲ့ အမှတ်တရတွေကို စုစည်းဖော်ပြပေးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါလို့။

Most Read

Most Recent