ဆရာဟောင်း ကလော့ပ်ကို ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး ကျေးဇူးတင်စကား ဆို

ဆရာဟောင်း ကလော့ပ်ကို ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး ကျေးဇူးတင်စကား ဆို
Photos : Gettyimages, AFP
Photos : Gettyimages, AFP
Published 19 February 2019

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက လီဗာပူးလ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ဒေါ့မွန်အသင်း၌အတူလက်တွဲခဲ့သည့် ဆရာဟောင်းဖြစ်သူ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်အား ကျေးဇူးတင်စကားဆိုခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

'' သူ(ကလော့ပ်)ဟာ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ကြီးမားတဲ့အစိတ်အပိုင်းက ပါဝင်ပါတယ်။ ဒေါ့မွန်အသင်းမှာ အတူတကွရှိခဲ့တာတွေအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အတူဖြတ်သန်းခဲ့ကြပြီး ဒီနေ့လိုအခြေအနေမျိုးရောက်အောင် သူ လမ်းပြပေးခဲ့တာပါ။ သူက ကျွန်တော့်ကို တိုက်စစ်မှူးတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို သင်ကြားပေးခဲ့တယ်။ ပြီးတော့ ကစားသမားဘဝ နောက်တစ်ဆင့်တက်လှမ်းဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ကျွန်တော့်မှာတွေးနိုင်တာထက် စွမ်းရည်ဘယ်လောက်ပိုရှိသလဲ မသိပါဘူး။ ဆိုလိုတာက ကျွန်တော့်ဆီမှာရှိတဲ့ ကျွန်တော်ကိုယ်တိုင် မမြင်နိုင်တဲ့အရာတွေကို သူ သိမြင်ခဲ့ပါတယ်'' ဟု လီဝန်ဒေါစကီးက UEFA.com သို့ ပြောကြားခဲ့သည်။

လီဝန်ဒေါစကီးသည် ယခုရာသီတွင် ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ(၃၀)ပွဲကစားရာ (၂၅)ဂိုးသွင်းယူထားပြီး လီဗာပူးလ်နှင့်ကစားမည့် ဘိုင်ယန်တိုက်စစ်ကို ဦးဆောင်လာမည်ဖြစ်သည်။

ထို့ပြင် ၎င်းက '' သူတို့ရဲ့ပရိသတ်တွေဟာ ဘိုင်ယန်အသင်း ဒါမှမဟုတ် ကျွန်တော် ဂိုးသွင်းနိုင်တာမျိုး၊ အနိုင်ရတာမျိုး မလိုချင်တာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်တော့ ဒီလိုဖိအားမျိုးက ပွဲကစားချိန်မှာ ကျွန်တော့်ကို စွမ်းအားတွေ ပိုရှိစေပါတယ်။ အန်ဖီးလ်လိုကွင်းမျိုးမှာ ကစားရတာ စိတ်လှုပ်ရှားစရာပါ။ အနိုင်ရခဲ့ရင် ပိုတောင်ကောင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂၅)ပွဲကစားရာတွင် (၁၇၆)ဂိုး သွင်းယူထားကြောင်း သိရသည်။

 

Most Read

Most Recent