ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကို ဆွန်ဟောင်မင် ဖွင့်ဟ

ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကို ဆွန်ဟောင်မင် ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 17 February 2019

စပါးအသင်း၏တောင်ပံကစားသမား ဆွန်ဟောင်မင်က ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကို ဖွင့်ဟခဲ့ပြီး ဘောလုံးကစားနေချိန်မှာ အပျော်ရွှင်ရဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆွန်ဟောင်မင်သည် လက်ရှိအချိန်တွင် စပါးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး  ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သလို ယခုရာသီတွင် (၃၂)ပွဲကစားရာ၌ (၁၆)ဂိုးအထိသွင်းယူပေးထားသူဖြစ်သည်။

ဆွန်ဟောင်မင်သည် ၂၀၁၉ ခုနှစ်အတွင်း တောင်ကိုရီးယားအသင်းနှင့် အာရှဖလားယှဉ်ပြိုင်ခဲ့ရသလို၊ စပါးအသင်းတွင်လည်း ပွဲများတောက်လျှောက်ကစားနေရသူဖြစ်သည်။

ဆွန်ဟောင်မင်က '' ကျွန်တော်ကတော့ အခိုက်အတန့်တိုင်းကို ပျော်ရွှင်စွာခံစားနိုင်ဖို့ကြိုးစားနေပါတယ်။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ကျွန်တော့်အတွက်တော့ ဘောလုံးထက်ကောင်းတာ ဘာမှမရှိပါဘူး။ ဘောလုံးကစားနေရတဲ့ အချိန်တွေဟာ ကျွန်တော့်ရဲ့အပျော်ရွှင်ရဆုံးအချိန်တွေဖြစ်ပါတယ်။ ပွဲတွေအများကြီးကစားနေရလို့ ကျွန်တော့်မှာ ဖိအားမရှိပါဘူး။ ဘောလုံးကစားရင်းနဲ့ ဖိအားတွေပျောက်သွားတာမျိုးပဲရှိပါတယ်။ ဒါကြောင့်မို့လို့လည်း အခုလိုမျိုးကျွန်တော်ရှေ့ဆက်နေနိုင်တာပါ။ လောလောဆယ်မှာတော့ ကြံ့ခိုင်ရေးပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာမရှိပါဘူး။ တစ်ခါတလေမှာ ခက်ခဲတဲ့အချိန်မျိုးတွေ ကျွန်တော်ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲဒီအချိန်မျိုးမှာ ကျွန်တော်ဟာ ဘောလုံးအကြောင်းကိုပဲတွေးပြီး ဘောလုံးကစားခွင့် ရခဲ့တဲ့အတွက် ကျွန်တော်အမြဲကျေးဇူးတင်နေပါတယ်'' ဟုပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဆွန်ဟောင်မင်သည် အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းမပါဝင်ချိန်တွင် အထောင်တိုက်စစ်မှူးအဖြစ် ကစားနေသူဖြစ်ပြီး ခြေစွမ်းပြကာ ယင်းနေရာတွင်ကစားခဲ့သည့် (၁၀)ပွဲတွင် (၆) ဂိုးသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent