အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် မြန်မာယူ-၂၂ အသင်း ဖေဖော်ဝါရီ ၄ ရက် စတင်လေ့ကျင့်မည်

အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် မြန်မာယူ-၂၂ အသင်း ဖေဖော်ဝါရီ ၄ ရက် စတင်လေ့ကျင့်မည်
Photos : MFF
Photos : MFF
Published 29 January 2019

မြန်မာ ယူ-၂၂ အသင်းသည် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီ ၄ ရက်မှ စ၍ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

လက်ရှိအချိန်တွင် မြန်မာ ယူ-၂၂ အသင်းကို ဖွဲ့စည်းထားခြင်းမရှိသေးသော်လည်း ပဏာမအဆင့်အနေဖြင့် ကစားသမား ၄၀ ဝန်းကျင် ရွေးချယ်ထားကြောင်း သိရသည်။ 

ယင်းကစားသမား ၄၀ ဝန်းကျင်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ Sports & Science ရာထူးဖြင့် ခန့်အပ်ထားသည့် စပိန်နိုင်ငံ သား ဟွမ်ရိုမန် ဦးဆောင်သော နည်းပြအဖွဲ့က ကြံ့ခိုင်မှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

MFFသည် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည့် မြန်မာ ယူ-၂၂ အသင်းအတွက် နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ခန့်အပ် ထားသည်။ 

ပိုပေါ့ဗ်သည် လက်ရှိအချိန်တွင် ပဏာမရွေးချယ်ထားသည့် ကစားသမား ၄၀ ဝန်းကျင်၏ တစ်ဦးချင်းစွမ်းဆောင်ရည်များကို သက်ဆိုင်ရာကလပ်အသင်းများထံ သွားရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိသည်။ 

ပိုပေါ့ဗ်သည် ယင်း ကစားသမား ၄၀ ဝန်းကျင်အနက်မှ မြန်မာ ယူ-၂၂ အသင်း ဖွဲ့စည်းရန် ကစားသမားရွေးချယ်မှုကို ဖေဖော်ဝါရီ ၂ ရက် နောက်ဆုံးထား၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ ယူ-၂၂ အသင်းသည် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု (ခ) ၌ အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတို့ နှင့်အတူ ကျရောက်နေပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် အင်ဒိုနီးရှား၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် မလေးရှားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

Most Read

Most Recent