Huawei အမှုဆောင်အရာရှိအား လွှဲပြောင်းယူရန် ကနေဒါကို တောင်းဆိုထားမှုအား အမေရိကန်က ရုပ်သိမ်းပေးရန် တရုတ်တောင်းဆို

Huawei အမှုဆောင်အရာရှိအား လွှဲပြောင်းယူရန် ကနေဒါကို တောင်းဆိုထားမှုအား အမေရိကန်က ရုပ်သိမ်းပေးရန် တရုတ်တောင်းဆို
ဇန်နဝါရီ ၁၇ ရက်တွင် ရှန်ကျန်း၌ Huawei  ထူထောင်သူ ရန်ကျန်းဖေ (ဝဲ) က မီဒီယာများကို စကားပြောနေစဉ် (Photo:AP)
ဇန်နဝါရီ ၁၇ ရက်တွင် ရှန်ကျန်း၌ Huawei  ထူထောင်သူ ရန်ကျန်းဖေ (ဝဲ) က မီဒီယာများကို စကားပြောနေစဉ် (Photo:AP)
Published 22 January 2019
Ref:AP 

တရုတ် နည်းပညာလုပ်ငန်းကြီး Huawei  ထိပ်တန်း အမှုဆောင်ချုပ်အား ကနေဒါက လွှဲပြောင်းပေးရန် တောင်းဆိုထားမှုကို အမေရိကန်က ရုပ်သိမ်းပေးစေလိုကြောင်း တရုတ် က ဇန်နဝါရီ ၂၂ ရက်တွင် တောင်းဆိုခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်းယင်က Huawei  အမှုဆောင်ချုပ် မုန်ဝမ်ကျိုးအား ဖမ်းဆီး ထိန်းသိမ်းထားမှုသည် သာမန်ဖြစ်စဉ် မဟုတ်ကြောင်း၊ ကနေဒါနှင့် အမေရိကန်တို့၏ တရားခံလွှဲပြောင်းပေးရေး စာချုပ်သည် တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် တရားဝင်အခွင့်အရေးကို ချိုးဖောက်နေကြောင်း ပြောကြားခဲ့သည်။

မုန်ဝမ်ကျိုးကို ဖမ်းဝရမ်းထုတ်ထားမှုအား ရုပ်သိမ်းပေးရန် တရုတ်က အမေရိကန်ကို တောင်းဆိုကြောင်း၊ အမေရိကန်အနေဖြင့် ကနေဒါကို တရားခံလွှဲပြောင်းရယူမှုအတွက်  တရားဝင် မတောင်းဆိုရန်လည်း ဟွာက ပြောကြားခဲ့သည်။ ပညာရှင်များနှင့် သံတမန်ဟောင်းများ ၁၀၀ ကျော်က တရုတ်တွင် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ထိန်းသိမ်းခံထားရသော ကနေဒါနိုင်ငံသား နှစ်ဦးကို လွှတ်ပေးရန် တရုတ်သမ္မတ ရှီကျင်ပင်းအား စာရေးတောင်းဆိုခဲ့ပြီးနောက် တရုတ်၏ မှတ်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

အီရန်နှင့် Huawei  တို့၏ စီးပွားရေး ဆက်ဆံမှုများအား ဖုံးကွယ်ရန်အတွက် ဘဏ်များကို လိမ်လည်ခဲ့သည်ဟူသော စွဲချက်အတွက် မုန်ဝမ်ကျိုးအား လွှဲပြောင်းပေးရေး အမေရိကန်က တရားဝင်တောင်းဆိုရန် စီစဉ်နေသည်ဟု ကနေဒါသတင်းစာ Globe and Mail က ဖော်ပြခဲ့ပြီးနောက် ဟွာချန်းယင်၏ မှတ်ချက် ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်သည် ကနေဒါကို ဖိအားပေးရန် ကြိုးပမ်းသည့် အနေဖြင့် ကနေဒါသံတမန်ဟောင်း မိုက်ကယ်ကော့ရစ်နှင့် ကနေဒါစွန့် ဦးတီထွင် လုပ်ကိုင်သူ မိုက်ကယ်စပါးဗာတို့ ကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့နှစ်ဦးအား ဖမ်းဆီးမှုသည် အမေရိကန်၏ တောင်းဆိုမှုဖြင့် ကနေဒါက ဒီဇင်ဘာ ၁ ရက်တွင် မုန်ဝမ်ကျိုးကို ဖမ်းဆီးမှုအား လက်တုံ့ပြန်ခြင်းဟု ယုံကြည်ထားကြသည်။ ထို့ပြင် တရုတ်သည် ကနေဒါအမျိုးသား တစ်ဦးအား မူးယစ်မှောင်ခိုကူးမှုအတွက် ပြီးခဲ့သည့် သီတင်းပတ်တွင် သေဒဏ်ချမှတ်ခဲ့သည်။

မုန်ဝမ်ကျိုးသည် Huawei  ၏ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်ပြီး Huawei  ကို တည်ထောင်သူ ရန်ကျန်းဖေ၏ သမီးလည်း ဖြစ်သည်။ Huawei  သည် တရုတ်စစ်တပ်နှင့် နီးကပ်သည့် ကုမ္ပဏီဖြစ်ပြီး တရုတ်၏ အအောင်မြင်ဆုံးသော နည်းပညာလုပ်ငန်းတစ်ခု ဖြစ်သည်။ မုန်သည် ဗင်ကူးပါးရှိ နေအိမ်ကြီးတွင် အကျယ်ချုပ်ဖြင့် နေထိုင်နေရစဉ် ကနေဒါ နိုင်ငံသားနှစ်ဦးသည် တရုတ်အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည်။            

 

Most Read

Most Recent