ဂျာမနီနှင့် ပြင်သစ်တို့က မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်သစ်ကို လက်မှတ်ရေးထိုး

ဂျာမနီနှင့် ပြင်သစ်တို့က မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်သစ်ကို လက်မှတ်ရေးထိုး
 ဇန်နဝါရီ ၂၂ ရက်တွင် အာချန်းမြို့တော်ခန်းမသို့ ဂျာမနီဝန်ကြီးချုပ် မာကယ်(ဝဲ)နှင့် ပြင်သစ်သမ္မတ မက်ခရွန်(ယာ)တို့ ရောက်ရှိလာစဉ် Photo - AP
ဇန်နဝါရီ ၂၂ ရက်တွင် အာချန်းမြို့တော်ခန်းမသို့ ဂျာမနီဝန်ကြီးချုပ် မာကယ်(ဝဲ)နှင့် ပြင်သစ်သမ္မတ မက်ခရွန်(ယာ)တို့ ရောက်ရှိလာစဉ် Photo - AP
Published 22 January 2019
Ref: AFP, AP

ဂျာမနီနှင့် ပြင်သစ်တို့၏ မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်သစ်ကို ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့က ဇန်နဝါရီ ၂၂ ရက်တွင် လက်မှတ်ထိုးခဲ့သည်။

မာကယ်က ဥရောပတွင်အမျိုးသားရေးဝါဒီ အင်အားကောင်းလာမှုအား သတိပေးခဲ့ပြီး ပြင်သစ်နှင့် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုအား ပြန်လည်အားကောင်းလာစေရန်အတွက်လည်း တိုက်တွန်းခဲ့သည်။

ဒုတိယကမ္ဘာစစ်အား အဆုံးသတ်စေခဲ့သော ရာစုနှစ်များစွာကြာ ပဋိပက္ခဖြစ်ပွားခဲ့အပြီး ပြင်သစ်နှင့် ဂျာမနီတို့အကြား အနီးကပ်ဆက်ဆံရေးထူထောင်ရန် ရည်ရွယ်သည့် ၁၉၆၃ ခုနှစ် Elysee သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီးနောက် ၅၆ နှစ်အကြာတွင် အနောက်ဂျာမနီ၌ ရှေးဟောင်းမြို့ အာချန်းတွင် ထိုသဘောတူညီချက်သစ်ကို လက်မှတ် ထိုးခဲ့ခြင်းဖြစ်သည်။

အများကြိုက်ဝါဒီနှင့် အမျိုးသားရေးဝါဒီများသည် ၎င်းတို့၏ နိုင်ငံအားလုံးတွင် အားကောင်းလာနေကြောင်း မာကယ်ကအာချန်းမြို့တော်ခန်းမတွင် ပြင်သစ်၊ ဂျာမနီနှင့် ဥရောပတာဝန်ရှိသူများကို ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂမှ ထွက်ခွာရန် ဗြိတိန်စီစဉ်နေမှု၊ ကမ္ဘာတစ်ဝန်းတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးလုပ်ရပ်များ မြင့်တက်နေမှုတို့ကို ရည်ညွှန်း၍ မာကယ်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ခက်ခဲကြမ်းတမ်းသောကာလကို ဖြတ်သန်းနေရကြောင်း ပြောကြားခဲ့သည်။

အာချန်းသဘောတူညီချက်သည် ဂျာမနီနှင့် ပြင်သစ်တို့ ထိစပ်နေသော ကီလိုမီတာ ၄၅၀ (မိုင် ၂၉၀) ရှိ နယ်စပ်တစ်လျှောက် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်တိုးမြှင့်ရန်အပြင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်ဝါဒနှိမ်နင်းမှုကဲ့သို့ အပြည်ပြည်ဆိုင်ရာပြဿနာများအား ဖြေရှင်းရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းမှုကို တိုးတက်စေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

ဂျာမနီနှင့် ပြင်သစ်တို့သည် ဥရောပသမဂ္ဂ အင်အားကောင်းစေမှုတွင် အင်ဂျင်များဟု အမြဲလိုလို ခိုင်းနှိုင်းခံရပြီး ၎င်းတို့အကြား  နွေးထွေးသောဆက်ဆံရေးများကြောင့် ဘေးရောက်နေခဲ့သည့် အဖွဲ့ဝင်နိုင်ငံအချို့က တစ်ခါတရံ အနှောင့်အယှက်ဖြစ်ခဲ့ကြသည်။

ပြင်သစ်-ဂျာမနီ မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်သစ်သည် အနာဂတ်တွင် ဥရောပစစ်တပ် ထူထောင်ရန် ခြေလှမ်းတစ်ရပ် တိုးလိုက်ခြင်းဖြစ်ကြောင်း မာကယ်က ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်သစ်သည် ပြင်သစ်-ဂျာမနီတို့အကြား ဘုံစစ်ရေး အလေ့အထတစ်ခု တည်ဆောက်ရန်နှင့် ဥရောပစစ်တပ်ထူထောင်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပိုမိုကျယ်ပြန့်သော နေတိုးမဟာမိတ်အဖွဲ့၏ အစိတ်အပိုင်းဖြစ်လာမည့် ဥရောပသမဂ္ဂအတွက် ဥရောပစစ်တပ်တစ်ခု ပူးတွဲထူထောင်ရန် စိတ်ကူးကို မက်ခရွန်နှင့် မာကယ် နှစ်ဦးစလုံးက တွန်းအားပေးနေခဲ့သည်။ ပြင်သစ်နှင့် ဂျာမနီတို့သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးတွင် တန်းတူရည်တူ ဖြစ်စေရန် ကြိုးပမ်းနေစဉ် ပူးတွဲစစ်ဘက်လုပ်ငန်းတစ်ခု ထူထောင်သင့်ကြောင်းလည်း မာကယ်က ၎င်း၏မိန့်ခွန်းတွင် တိုက်တွန်းပြော ကြားခဲ့သည်။

 

Most Read

Most Recent