ဗြိတိန်ဝန်ကြီးချုပ်မေက Brexit အတွက် အစီအစဉ်သစ်ကို ပါလီမန်သို့ တင်သွင်း

ဗြိတိန်ဝန်ကြီးချုပ်မေက Brexit အတွက် အစီအစဉ်သစ်ကို ပါလီမန်သို့ တင်သွင်း
ဇန်နဝါရီ ၁၈ ရက်တွင် လန်ဒန်၌ ဒေါင်းနင်းလမ်းရုံးမှ ဝန်ကြီးချုပ် မေ (ဝဲ) က ထွက်ခွာလာစဉ် (Photo: AFP)
ဇန်နဝါရီ ၁၈ ရက်တွင် လန်ဒန်၌ ဒေါင်းနင်းလမ်းရုံးမှ ဝန်ကြီးချုပ် မေ (ဝဲ) က ထွက်ခွာလာစဉ် (Photo: AFP)
Published 21 January 2019
Ref:AFP

ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် ဥရောပသမဂ္ဂနှင့် ၎င်းက ညှိနှိုင်းပြီး ရရှိခဲ့သည့် Brexit သဘောတူညီချက်အား ဗြိတိန်ပါလီမန်က ပယ်ချခဲ့ပြီးနောက် ဝန်ကြီးချုပ် ထရီဆာမေသည် Brexit အတွက် အစီအစဉ်သစ်ကို ဇန်နဝါရီ ၂၁ ရက်တွင် ပါလီမန်သို့ တင်သွင်းခဲ့သည်။ ဗြိတိန်အမတ်များသည် Brexit လုပ်ငန်းစဉ်အား နှောင့်နှေးစေရန် ဖိအားပေးခြင်း သို့မဟုတ် ဘရပ်ဆဲလ်ကလည်း ကျေနပ်စေမည့် ပြောင်းလဲထားသော အစီအစဉ်တစ်ခုအား အချိန်မီ ထုတ်ပြန်ခြင်းကို မလုပ်နိုင်ပါက ဗြိတိန်သည် မည်သည့် သဘောတူညီချက်မျှမရဘဲ မတ် ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ ထွက်ခွာသွားရမည် ဖြစ်သည်။ 

မေက ၎င်း၏ အစီအစဉ်များကို ပါလီမန်၌ တင်သွင်းခဲ့ပြီးနောက် ဥပဒေပြု အမတ်များသည် ဇန်နဝါရီ ၂၉ ရက်တွင် မဲခွဲဆုံးဖြတ်ရန်အတွက် ပြင်ဆင် ဖြည့်စွက်ချက်များစွာကို တင်သွင်းမည် ဖြစ်သည်။ ဗြိတိန် အောက်လွှတ်တော် အမတ်များက မေ၏ အဆိုပြုချက်များအား နှောင့်နှေးစေရန် သို့မဟုတ် ကဖျက်ယဖျက် လုပ်နိုင်ရန် အနည်းဆုံး ပါတီနှစ်ရပ်စလုံးမှ အမတ်များက ပြင်ဆင်ချက်များ တင်သွင်းရန် စီစဉ်နေသည်။ ဖေဖော်ဝါရီလကုန် မတိုင်မီ ဘရပ်ဆဲလ်နှင့် သဘောတူညီချက်သစ် မရလျှင် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် အစီအစဉ်ကို ဆိုင်းငံ့လိမ့်မည် ဖြစ်သည်။ အခြားနည်းတစ်ခုမှာ ဗြိတိန်အစိုးရက ပါလီမန်အချိန်ဇယားကို ထိန်းချုပ်ထားသည့် အစဉ်အလာအား ချိုးဖောက်မှုအဖြစ် ပါလီမန်တွင် အမတ်များက Brexit ကိစ္စများ အား တစ်ပတ်လျှင်တစ်ကြိမ် အချေအတင် ဆွေးနွေးခြင်း သို့မဟုတ် မဲခွဲခြင်းကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ 

ဝန်ကြီးချုပ်ရုံးက အခြေအနေသည် အလွန်အမင်း စိုးရိမ်စရာ ကောင်းနေကြောင်း၊ လူထုက ဗြိတိန်ကို ဥရောပသမဂ္ဂမှ နုတ်ထွက်လိုပြီး ပါလီမန်က ဥရောပသမဂ္ဂ၌ ဆက်နေရန် လိုလားနေကြောင်း မေ၏ အစိုးရအဖွဲ့မှ Brexit လုပ်ငန်းစဉ်ဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး လီယမ်ဖောက်က ပြောကြားခဲ့သည်။ ပါလီမန်သည် Brexit လုပ်ငန်းစဉ်အား အပိုင်စီးရန် အခွင့်အရေးမရှိကြောင်း၊ အမှန်တကယ်မှာ ပြည်သူများထံမှ ရလဒ်ကို ခိုးယူခြင်း ဖြစ်နေကြောင်း ၎င်းက BBC  ရုပ်သံသို့ ပြောကြားခဲ့သည်။

Brexit သဘောတူညီချက်တွင် ပြဿနာအဖြစ်ဆုံး အကြောင်းအရာတစ်ခုမှာ အိုင်ယာလန်နယ်စပ်၌ အဟန့်အတား ထားရှိမှုနှင့် ပတ်သက်နေသည်။ ဗြိတိန်နှင့် ဥရောပသမဂ္ဂ တို့သည် ရေရှည်အတွက် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို မရရှိလျှင် အိုင်ယာလန်နယ်စပ်အား လွတ်လပ်စွာ ကုန်စည်စီးဆင်းခွင့်ကို ဆက်လက် ခွင့်ပြုရန် ဥပဒေကြောင်းအရ အာမခံပေးထားသည်။ ဗြိတိန်က ထိုအဟန့်အတားအား တစ်ဖက်သတ် မဖယ်ရှားနိုင်ပေ။ 

မေသည် ဒဗ္ဗလင်နှင့် သီးခြား သဘောတူညီချက်ရရှိရန် အဆိုပြုလိမ့်မည် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး သဘောတူညီချက်မှ မလိုလားသော အဟန့်အတားများအား ဖယ်ရှားပေးမည့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို မေက အိုင်ယာလန်ထံ ကမ်းလှမ်း ဖွယ်ရှိကြောင်း Sunday Time သတင်းစာက ဖော်ပြခဲ့သည်။ ယင်းကိစ္စသည် မေ၏ ကွန်ဆာဗေးတစ်ပါတီမှ ဥရောပအား သံသယရှိသူများ၊ မဟာမိတ် Democratic Unionist Party မှ အမတ်များကို စည်းရုံးနိုင်ရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ရှုမြင်ခံရသည်။                                    

Most Read

Most Recent