အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတားကို လက်ရှိပြည်နယ်အစိုးရ လက်ထက်တွင် တည်ဆောက်ပြီးစီးပါက မိမိတို့ ပြည်နယ်အစိုးရအဖွဲ့၏ အောင်ပွဲဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတားကို လက်ရှိပြည်နယ်အစိုးရ လက်ထက်တွင် တည်ဆောက်ပြီးစီးပါက မိမိတို့ ပြည်နယ်အစိုးရအဖွဲ့၏ အောင်ပွဲဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား တည်ဆောက်မည့်နေရာကို တွေ့ရစဉ်
အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား တည်ဆောက်မည့်နေရာကို တွေ့ရစဉ်
Published 19 January 2019
ဘိုဘိုမြင့်

အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတားအား လက်ရှိပြည်နယ်အစိုးရ လက်ထက်တွင် တည်ဆောက်ပြီးစီးခဲ့ပါက မိမိတို့ ပြည်နယ်အစိုးရအဖွဲ့၏ အောင်ပွဲဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာတွင် ပြုလုပ်ခဲ့သည့် အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားအပြီး သတင်းမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

“ဒီတံတားက မွန်ပြည်နယ်အတွက် ငြိမ်းချမ်းရေးတံတားကြီးပါ။ ဒီဒေသမှာနေထိုင် ကြတဲ့ မွန်လူမျိုးတွေရော၊ ကရင်လူမျိုးတွေ အတွက်ပါ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါကို အထူးဦးစားပေးပြီး တည်ဆောက်ရခြင်းဖြစ် ပါတယ်။ ငြိမ်းချမ်းရေးကို အဓိကအထောက် အကူပြုစေဖို့အတွက် ကျွန်တော်တို့အစိုးရဖွဲ့ လက်ထက်မှာတင် ပြီးစီးအောင်ဆောက်လုပ် ဖို့ ကြိုးစားသွားပါမယ်။ တကယ်လို ့ဒီတံတား ကြီး တည်ဆောက်ပြီးစီးသွားရင် ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ အောင်ပွဲပဲဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မိမိတို့နိုင်ငံ၌ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ၏ အဓိက ရည်မှန်းချက်ဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သည့်နေရာတွင် အဓိကကျသည်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ကြောင်း၊ လက်ရှိ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသများ သည်လွန်ခဲ့သော လေးငါးခြောက်နှစ်ခန့်အထိ ငြိမ်းချမ်းမှုရှိသေးသည့် ဒေသများဖြစ်ကြောင်း၊ ယခုငြိမ်းချမ်းရေး ရရှိခဲ့သည့် အချိန်တွင် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲစေရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လိုအပ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော လမ်းပန်းဆက်သွယ်ရေးက ပိုပြီးတော့ အရေးကြီးလာကြောင်း ဒေါက်တာအေးဇံက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲဒါကြောင့် အတ္ထရံမြစ်ကူး စံပယ်ဂူတံတားကို တည်ဆောက်လိုက်ခြင်းအားဖြင့် နှစ်ခြမ်းဖြစ်နေတဲ့ ကျိုက်မရောမြို ့နယ်ရဲ့အနောက်ဘက်ခြမ်းမှာ ရှိတဲ့ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်စသည့် ဖြင့် မြို့နယ်တွေနဲ့ ကျိုက်မရောမြို့နယ်ရဲ ့အ ရှေ့ဘက်ခြမ်းမှာရှိတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရဲ့ အောက်ပိုင်းတွေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်စသည်ဖြင့် ဒေသတွေကို ဒီတံတားပြီးသွားရင် အလွယ်တကူပဲ သွားလာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“အရင်တုန်းကမိုင် ၅၀ လောက်ကွာဝေးတဲ့ ခရီးကို တစ်နေကုန်အချိန်ပေးပြီး သွားလာရတဲ့ ခရီးကို ဒီတံတားပြီးသွားရင် အချိန်တိုအတွင်း ရောက်ရှိအောင် သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းတွေကတစ်ဆင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို သွားလာမယ့်လမ်းတွေ ပေါ်ပေါက်လာရင်၊ ပေါ်ပေါက်လည်း ပေါ်ပေါက်လာမှာပါ။ အဲဒီအခါကျရင် ဒီနယ်မြေဒေသရဲ့ အခြေခံ စီးပွားရေးဟာ အခုထက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှာပါ။ အဲဒီအခါကျရင် ကျွန်တော်တို့လိုချင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလည်း တည်တံ့ခိုင်မြဲမှု ရှိလာမှာဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေး ကို တည်တ့ံခိုင်မြဲစေမယ့် လမ်းပန်းဆက်သွယ် ရေးအတွက် ဒီတံတားဟာ အဓိကခရာကျတဲ့ တံတားဖြစ်တဲ့အတွက် ကျွန်တော်တို ့မွန်ပြည် နယ်အစိုးရအနေနဲ့ ဒီတံတားကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒေသခံတွေနဲ ့တွေ့ဆုံပွဲတွေမှာလည်း နံပါတ် (၁) အနေနဲ ့ဒီတံတားကို တည်ဆောက်ပေးဖို့ ပြည်သူတွေက တောင်းဆိုတဲ့ အတွက်လည်း ဒီတံတားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

“ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရဒီလိုတံတားတွေက ပြည်ထောင်စုအစိုးရအဖွဲ့က တည်ဆောက်ပေးရမှာ ဖြစ်ပေမယ့် ပြည်ထောင်စုမှာက ငွေအင်အားအနေနဲ့ ပြည့်ပြည့် စုံစုံမထည့်ဝင်နိုင်ဘူး။ ပြည်နယ်ဘတ်ဂျက် တစ်ခုတည်းနဲ့လည်း မဆောင်ရွက်နိုင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က ပြည်ထောင်စု ဘတ်ဂျက်နဲ့ ပြည်နယ်ဘတ်ဂျက် ပေါင်းပြီးတော့ ဒီတံတားစီမံကိန်းကိုအကောင်အထည် ဖော်ရခြင်းဖြစ်ပါတယ်။ တည်ဆောက်မယ့်ကာလက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တံတားစီမံကိန်းအတွက် ကုန်ကျငွေစုစုပေါင်းက ကျပ်ဘီလျံအားဖြင့် ကျပ် ၂၆ ဘီလျံလောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလမ်းအူ ကြောင်းနဲ ့ပတ်သက်ပြီး အကုန်အကျ နည်းနည်းသက်သာမယ့် နည်းလမ်းတွေကိုလည်း ရှာနေပါတယ်” ဟု ဒေါက်တာအေးဇံက ဆက်လက် ပြောကြားသည်။

“ကျိုက်မရောမြို့နယ်က အတ္ထရံအရှေ့ ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းဆိုပြီး ကွဲနေ တဲ့ မြို့နယ်ဖြစ်ပါတယ်။ အခုဒီကျိုက်မရောမြို့ နယ် အရှေ့ဘက်ခြမ်းကတော့ အများအားဖြင့် ကျိုက်မရောမြို့ကိုမဖြတ်ဘဲ မော်လမြိုင်မြို့ ဘက်ကပတ်ပြီးတော့ သွားလာကြတဲ့အတွက် တစ်မြို့နယ်တည်းကိုလူမှုဘဝတွေရော၊ ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေးစသဖြင့် အဆက်အသွယ် ပြတ်နေသလို ဖြစ်နေတယ်။ အခုဒီ တံတားကို ထိုးပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့ မြို့နယ်ပေါင်းစည်းဖို့အတွက်လည်း ဖြစ်လာ တဲ့ သဘောမျိုးဖြစ်လာမယ်။ နောက်ပြီးတော့ ကျွန်တော်တို့မြို့နယ် အတွင်းမှာကို ကူးသန်းသွားလာဖို့ အများကြီး အဆင်ပြေချောမွေ့ သွားမှာပါ” ဟု အတ္ထရံ လူငယ်ပညာရေး ပရဟိတကွန်ရက်မှ ကိုဇေယျာမျိုးထွဋ်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျိုက်မရောမြို့မှာကျတော့ မြို့နယ်ဆေးရုံရှိတယ်။ ဒါပေမဲ့ မိုးတွင်းပိုင်းလိုကျတော့ ဒီကျိုက်မရောမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကလူတွေက ကျန်းမာရေးအတွက် ဆေးရုံသွားဖို့ အခက်အ ခဲတွေအများကြီးရှိတယ်။ လှေကိုပဲ အားကိုး ပြီးသွားလာနေကြတော့ လှေတွေမရှိတဲ့အချိန် မှာဆိုရင် ကျန်းမာရေးအရဆေးရုံတို့၊ ဆေး ပေးခန်းတို့ သွားလာဖို့ အင်မတန်ခက်ခဲပါ တယ်။ ကျိုက်မရော တစ်မြို့နယ်တည်းဆိုပေ မယ့် ဒီကျိုက်မရောမြို့နယ် အရှေ့ဘက်ခြမ်း က ဒေသခံတွေ မော်လမြိုင်ဘက်ကို တစ်ကွေ့ တစ်ပတ်ကြီးသွားလာနေကြရတယ်။ အခုဒီ တံတားပြီးသွားရင် ကျိုက်မရောမြို့အတွင်းကို ၅ မိနစ်၊ ၁၀ မိနစ်လောက်နဲ ့အေးအေးလူလူ သွားရောက်နိုင်မယ့် အနေအထားမျိုး ရှိလာပါမယ်။ ဒီတံတား တည်ဆောက်ပေးတဲ့ အစိုးရ ကိုလည်းကျေးဇူးတင်သလို နှစ်ခြမ်းဖြစ်နေတဲ့ ကျိုက်မရောမြို့နယ်ကို ပေါင်းစည်းနိုင်တော့မယ့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ပြောကြားသည်။

“အရင်ကရော၊ အခုအချိန်ရောက အခက်အခဲတွေ အများကြီးရှိနေတယ်။ မယ်ဂရိုကျေးရွာ၊ ကော့ပနောကျေးရွာက ကျောင်းသား၊ ကျောင်းသူတွေဟာ ရှစ်တန်းအောင်ပြီး ကျိုက်မရောမြို့မှာ အထက်တန်းကျောင်း သွားနေဖို့က မိုးတွင်းမှာဆို မိုးထဲလေထဲသွားလာရတော့ အရမ်းကို အန္တရာယ်များပါတယ်။ လှေမှောက်တာတွေလည်း ဖြစ်ဖူးတယ်။ အခုဒီတံတား တည်ဆောက်ပြီးသွားရင် သွားရေးလာရေးက အင်မတန်မှ လွယ်ကူသွားပါမယ်။ ကျောင်းသား၊ ကျောင်းသူတွေလည်းသွားလာ ရအဆင်ပြေသွားမယ်။ ကျွန်တော်တို့ လယ် သမားတွေလည်း ကုန်ထုတ်စွမ်းအား မြင့်လာနိုင်တယ်။ အရင်ကဆိုရင် ကားလမ်းမရှိ၊ ဘာမရှိနဲ့သွားလာလို့မရဘူး။ သူများကြိုက် စျေးနဲ့ ဝယ်တာကိုပဲ ရောင်းနေရတယ်။ အခုဆိုရင် ကျွန်တော်တို့က စပါးတွေကို သိုလှောင် ပြီး အချိန်မရွေးကားနဲ့ သွားရောင်းနိုင်မယ့် အခြေအနေမျိုးဖြစ်လာတော့မှာပါ။ နောက်ပြီး ဓာတ်မြေသြဇာတွေဆိုရင် ဟိုတုန်းကဆိုရင် ကားနဲ့သယ်ပြီးရင် လှေပေါ်တင်၊ လှေ ပေါ်ကနေတစ်ခါ လှည်းပေါ်တင်နဲ့အခက် အခဲ တွေအများကြီးရှိနေတယ်။ အခုဒီတံတား ပြီးသွားရင်တော့ အဆင်ပြေသွားနိုင်ပါတယ်။ ကျွန်တော်တို ့အတွက်တော့ ရွှေတံတားပါပဲ” ဟု ကျိုက်မရောမြို့နယ် မက်ဂရိုကျေးရွာမှ ဦးထွန်းသောင်က ပြောကြားသည်။

အဆိုပါ အတ္ထရံတံတား(စံပယ်ဂူ) အောက်ခြေမှာ ဘိုးပိုင်အုတ်မြစ် အမျိုးအစားဖြစ်ကြောင်း၊ ကိုယ်ထည်မှာ သံကူကွန်ကရစ် ကိုယ်ထည်ဖြစ်ကြောင်း၊ ပင်မတံတားတွင် သံမဏိ၊ သံပေါင် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ တံတား၏ ခံနိုင်ဝန်အားမှာ ၇၅ တန် ဖြစ်ကြောင်း၊ ယာဉ်သွားလမ်း အကျယ်မှာ ၂၈ ပေအကျယ်ရှိပြီး ယာဉ် နှစ်လမ်းသွားတံတား အမျိုးအစားဖြစ်ကြောင်း၊ တံတားအရှည် စုစုပေါင်း ပေ ၂၂၀၀ ကျော်ရှိမှာ ဖြစ်ကြောင်း၊ အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်မည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားအထူးအဖွဲ့(၁၄) မှ ဒုတိယ ညွန်ကြားရေးမှူး ဦးဇော်မိုးလွင်၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent