လီဗာပူးလ်အသင်းဘယ်နောက်ခံလူ ရောဘတ်ဆန်က အနာဂတ်တွင် အသင်းနှင့်အတူ အောင်မြင်မှုရရှိရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
အသက် (၂၄)နှစ်အရွယ်ရှိ စကော့တလန်အသင်းခေါင်းဆောင် ရောဘတ်ဆန်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက ဟားလ်စီးတီးအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းတွင် ခြေစွမ်းပြကစားနေသူ ဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ယခုအခါ ရောဘတ်ဆန်ကို အသင်းတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ရှိနေမည့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့သည်။
ရောဘတ်ဆန်က ၎င်းအနေဖြင့် အသက် (၂၄)နှစ်သာရှိသေးသည့်အတွက် ခြေစွမ်းပိုမိုတိုးတက်လာဦးမည်ဟု ယုံကြည်ကြောင်းလည်း ဆိုခဲ့သည်။
ရောဘတ်ဆန်က "အခုမှ အသက်က (၂၄)နှစ်ပဲ ရှိသေးတာဆိုတော့ ကျွန်တော့်ရဲ့ခြေစွမ်းက ပိုပြီးတိုးတက်လာဦးမှာပါ။ ကျွန်တော့်အနေနဲ့ အမှားတွေ၊ အားနည်းချက်တွေကိုပြင်ဆင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့ခြေစွမ်းဟာ ဒီထက်ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။ အသင်းက ကျွန်တော့်ကို စာချုပ်သက်တမ်းတိုးမယ်ဆိုတော့ ကျွန်တော် စဉ်းတောင် မစဉ်းစားလိုက်ပါဘူး။ ဒီအသင်းမှာ ကျွန်တော် နေချင်တယ်။ ဒါကြောင့် အသင်းက ကမ်းလှမ်းလာတာနဲ့ ချက်ချင်း လက်မှတ်ထိုးလိုက်တာပါ။ လီဗာပူးလ်အသင်းမှာ အသင်းဖော်တွေနဲ့ လက်တွဲခွင့်ရတာ အရမ်းကျေနပ်ဖို့ ကောင်းပါတယ်။ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ အနာဂတ်မှာ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ရောဘတ်ဆန်သည် လီဗာပူးလ်အသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံတွင် (၅၅)ပွဲကစားပြီး လက်ရှိပရီးမီးယားလိဂ်၏ အကောင်းဆုံးဘယ်နောက်ခံလူများထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။