ပြည်သူ့ပါတီ တည်ထောင်ရာတွင် နိုင်ငံရေး အသိုင်းအဝိုင်းကြား ပွဲဆူ၍ လှုပ်ခတ်မှု ဖြစ်ခဲ့ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီ ရုံးခွဲသစ် ဖွင့်ပွဲအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဦးကိုကိုကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အခြားပါတီများ တည်ထောင်စဉ်က ယခုကဲ့သို့ ပွဲမဆူခဲ့ဘဲ ၎င်းတို့ပါတီတည်ထောင်မှ ထိုကဲ့သို့ ဖြစ်ပေါ်နေသဖြင့် နိုင်ငံရေး အသိုင်းအဝိုင်း အကြားတွင် လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း ဦးကိုကိုကြီးက ရှင်းပြသည်။
“ကျွန်တော်တို့အရင်က ပါတီတွေ တည်ထောင်ခဲ့ကြစဉ်က ဒီလောက်အထိ ပွဲမဆူခဲ့ဖူးဘူး။ ကျွန်တော်တို့ပါတီက စထောင်ကတည်းက မီဒီယာမှာရော၊ အခြားတွေမှာရော တောက်လျှောက် ဖြစ်နေတာဆိုတော့ ကျွန်တော်တို့ မြင်တာကတော့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ တော်တော်လေး လှုပ်တယ်လို့ မြင်ပါတယ်။ နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ တော်တော်လေး လှုပ်တယ်ပေါ့။ တကယ့်တကယ်က ပြည်သူကြားထဲမှာ ရောက်ဖို့ကိစ္စ ဖြစ်ပါတယ်။ ပြည်သူကြားထဲကို ရောက်ဖို့ဆိုတာက ကျွန်တော်တို့ပါတီဝင် ရဲဘော်တွေရဲ့ စည်းရုံးနိုင်မှု စွမ်းရည်နဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် ပါတီရုံးခန်းတွေ ဖွင့်တယ် ဆိုတာကလည်း လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာလည်း ပါတီရုံးခွဲတွေ ဖွင့်သွားမှာပါ။ ပြည်သူကြားထဲမှာလည်း လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီးတော့ ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက် သွားမှာပါ” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ထို့ပြင် ပြည်သူ့ပါတီ အနေဖြင့် ပြည်သူများ၏အသံကို နားထောင်ပြီး ပြည်သူကို ကိုယ်စားပြုနိုင်ရန်အတွက် အခိုင်အမာ ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပါတီကိုဝေဖန်ခြင်း၊ တိုင်ပင်အကြံပြုခြင်းတို့ဖြင့် အားပေးကြရန် ၎င်းကဆိုသည်။
ပြည်သူ့ပါတီ အနေဖြင့် ရန်ကုန်မြို့တွင် ပါတီဗဟိုဌာနချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီရုံးခွဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး ပြည်သူ့ပါတီရုံးခွဲများ ဖွင့်လှစ်ထားပြီးဖြစ်၍ မြို့နယ်ရုံးခွဲအချို့ ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ပါတီကို မူလပါတီအမည် ရွေးချယ်စဉ်က ရှစ်လေးလုံး ပြည်သူ့ပါတီဟု အမည်ပေးခဲ့ရာ ကန့်ကွက်မှုများကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုခွင့် မပေးသဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ပြည်သူ့ပါတီဟု အမည်ပြောင်းလဲခဲ့ပြီး ပါတီအမှတ်တံဆိပ်၊ အလံတို့ကိုပါ အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပါတီအမည် ပြောင်းလဲမှုနှင့် ပါတီအမှတ်တံဆိပ်၊ အလံတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ထပ်မံတင်ပြခဲ့ပြီးနောက် ပါတီကို ပြည်သူ့ပါတီ အမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။