GSP/EBA အခွင့်အရေး ပြန်ရုပ်သိမ်းပါက မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့ရာတွင် တခြားနိုင်ငံများနှင့် ပိုမိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် ဆိပ်ကမ်းနှင့်သိုလှောင်ရုံ လုံလောက်စွာမရှိခြင်းက ပို၍စိန်ခေါ်မှုဖြစ်လာမည်ဟု ဆို

GSP/EBA အခွင့်အရေး ပြန်ရုပ်သိမ်းပါက မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့ရာတွင် တခြားနိုင်ငံများနှင့် ပိုမိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် ဆိပ်ကမ်းနှင့်သိုလှောင်ရုံ လုံလောက်စွာမရှိခြင်းက ပို၍စိန်ခေါ်မှုဖြစ်လာမည်ဟု ဆို
ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 6 January 2019
ဇေယျာငြိမ်း

GSP/EBA  အခွင့်အရေး ပြန်လည်ရုပ်သိမ်းပါက မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့ရာတွင် တခြားနိုင်ငံများနှင့်ပိုမိုယှဉ် ပြိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် ဆိပ်ကမ်းနှင့် သိုလှောင်ရုံလုံလောက်မှုမရှိခြင်းက ပို၍ စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် “Democracy, Poverty and  GSP” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြော ကြားသည်။

“GSP/EBA  အစီအစဉ်အရှိတော့ရင်ရော ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆို ကျွန်တော်တို့တိုင်းပြည်က ပိုယှဉ်ပြိုင်ရမယ်။ ပိုပြီးတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမယ်။ အဲလိုယှဉ်ပြိုင်ဖို့အတွက်ဆို ကျွန်တော်တို့က လက်ရှိအနေအထားအရ တော်တော်ခက်ပါတယ်။ လက်ရှိအနေအထားအရ ဆိပ်ကမ်းတို့ ဘာတို့ကအစ သိုလှောင်ရုံတွေကအစ လုံလုံလောက်လောက် မရှိသေးဘူး။ အများကြီး ဒါတွေကို ယှဉ်ပြိုင်ပြီးတော့ သွားရမယ့် အနေအထားဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

လက်ရှိတွင် ဥရောပသမဂ္ဂ(အီးယူ)က ပေးအပ်ထားသည့် GSP/EBA  အခွင့်အရေးကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် အရည်အသွေးမြင့်စျေးကွက်သို့ တင်ပို့နိုင်ခြင်းအပြင် တင်ပို့မှုဝင်မှလည်း ဝင်ငွေတိုးတက်ရရှိခဲ့ကြောင်း သိရသည်။

“ထုတ်လုပ်မှုကဏ္ဍမှာ အရည်အသွေးနဲ့ပတ်သက်ပြီး အီးယူစျေးကွက်ကို ရောင်းချနိုင်ခြင်းက ကျွန်တော်တို့ရဲ့ ဆန်စပါးလုပ်ငန်းတစ်ခုလုံးရဲ့ အလှည့်အပြောင်းကိုဖော်ဆောင်နိုင်တာကို တွေ့ရသလို ဝင်ငွေအားဖြင့် တိုးတက်လာတာကိုလည်း တွေ့ရတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

လာမည့်နှစ်များတွင်လည်း မြန်မာနိုင်ငံမှတင်ပို့မည့် ဆန်များအပေါ် ဥရောပသမဂ္ဂ (EU) က ပေးထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး  (GSP) ကို သုံးနှစ်ယာယီရုပ်သိမ်းသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းရာတွင် မြန်မာနိုင်ငံမှ တင်ပို့မည့်ဆန်လုံးရှည် အမျိုးအစား(အရှည် ၁၆ မီလီမီတာ)အထက် ဆန်များသည် EU အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီတလီနှင့်စပိန်နိုင်ငံတို့၌ စိုက်ပျိုးထုတ်လုပ်နေသော ဆန်အမျိုးအစားဖြစ်ပြီး ယင်းနိုင်ငံများ၏ အကျိုးစီးပွားမထိခိုက်စေရန် အဆိုပါ ဆန်လုံးရှည်အမျိုးအစားကို GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှသင်္ဘောဖြင့် EU အဖွဲ့ဝင်နိုင်ငံများ အာဖရိကနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး မူဆယ် ၁၀၅ မိုင်နယ် စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

၂၀၁၈ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက် အထိ ရှစ်လကျော်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်စုစုပေါင်း ၁ ဒသမ ၅၅၇ သန်းကျော် တင်ပို့ထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာသန်း ၅၂၈ သန်းကျော်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။                     

Most Read

Most Recent