အိန္ဒိယနိုင်ငံမှ မတ်ပဲဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့သဖြင့် တစ်တန်လျှင် ကျပ် ၁၀ သိန်းအထိ မြင့်တက်ခဲ့သည့် ပြည်တွင်းမတ်ပဲစျေးနှုန်း ကျပ်ရှစ်သိန်းအောက်သို့ ပြန်လည်ကျဆင်းနေ

အိန္ဒိယနိုင်ငံမှ မတ်ပဲဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့သဖြင့် တစ်တန်လျှင် ကျပ် ၁၀ သိန်းအထိ မြင့်တက်ခဲ့သည့် ပြည်တွင်းမတ်ပဲစျေးနှုန်း ကျပ်ရှစ်သိန်းအောက်သို့ ပြန်လည်ကျဆင်းနေ
Published 1 January 2019

အိန္ဒိယနိုင်ငံမှ မတ်ပဲဝယ်လိုအား ပြန်လည်မြင့်တက်လာခဲ့သဖြင့် တစ်တန်ကို ကျပ် ၁၀ သိန်းအထိ မြင့်တက်ခဲ့သည့် ပြည်တွင်းမတ်ပဲစျေးနှုန်း လက်ရှိတွင် ကျပ်ရှစ်သိန်း အောက်သို့ ပြန်လည်ကျဆင်းနေကြောင်း ဒီဇင်ဘာ ၂၉ ရက်ပြုလုပ်သည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်း ၂၄ ကြိမ်မြောက်အသင်းသား စုံညီအစည်းအဝေး အခမ်းအနားမှ သိရသည်။

“အိန္ဒိယဘက်က မတ်ပဲလိုအပ်ချက်များလာတဲ့အခါကျတော့ တောက်လျှောက်ပြန်ပြီး အိန္ဒိယအစိုးရရဲ့မူဝါဒကို  ပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ ပြန်ပြီးပဲဝယ်ယူမှုက ဘယ်လောက်အထိများလာလဲဆိုရင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာသုံးလအတွင်းမှာ မတ်ပဲက တန်ချိန် သုံးသိန်းနီးပါးအိန္ဒိယကို တင်ပို့သွားတာတွေ့ရတယ်။  ဒါကြောင့် ပြည်တွင်းစျေးက အထိုက်အလျောက်ပြန်တက်လာတယ်။ အမြင့်ဆုံး မတ်ပဲက တစ်တန်ကို ၁၀ သိန်း လောက်အထိ ပြန်တက်လာတယ်အခုရက်က နည်းနည်းပြန်ကျတော့ လက်ရှိကျပ် ၇၈၀၀၀၀၊ ၇၆၀၀၀၀၊ ၇၇၀၀၀၀ လောက်စျေးရှိတယ်” ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းသုံးမျိုးကို ပြည်ပစျေးကွက်သို့ အဓိကတင်ပို့နေပြီး ပဲတီစိမ်းကို ဥပရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ တရုတ်နိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

သို့သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ တင်ပို့မည့် မတ်ပဲနှင့် ပဲစင်းငုံများကို ဝယ်ယူခြင်းကို ကန့်သတ်ထားခဲ့သည့် အတွက် ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း၌ မတ်ပဲတစ်တန်ကို လေးသိန်းခွဲကျပ်အထိ စျေးနှုန်းကျဆင်းခဲ့သည်။

“အိန္ဒိယနိုင်ငံနဲ့  G to G စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိပါတယ်။ စာချုပ်ချုပ်မယ်ဆိုရင် အိန္ဒိယနိုင်ငံဘက်က ပေးမယ့်စျေးဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ရယ် ထုတ်လုပ်မှုကုန်ကျစရိတ်ထက် ထပ်ပြီးတော့ ရာခိုင်နှုန်း ၃၀ ပေါင်းတဲ့စျေးနဲ့သာလျှင်  ဝယ် ယူဖို့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တချို့ ကုန်သည်များက သဘောတူညီမှုမရှိပါဘူး။ သူတို့အနေနဲ့တက်စျေးမှာတက်စျေးနဲ့ ရောင်းပြီး ကျစျေးမှာကျစျေးနဲ့ရောင်းပြီး ဆောင်ရွက်လိုတဲ့ သဘောရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့စျေးကွက်ကို ခိုင်မာအောင် ရရှိနိုင်ဖို့အတွက် G to G စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။ ချုပ်ဆိုတဲ့နေရာမှာ ထုတ်လုပ်မှုကုန်ကျစရိတ်အပေါင်း ရာခိုင်နှုန်း ၃၀ နဲ့ ရောင်းချနိုင်အောင် ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းပေါင်းဖြင့် စုစုပေါင်းပဲမျိုး စုံစိုက်ဧရိယာဧကသန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။

Most Read

Most Recent