ပြင်ပစျေးကွက်၌ တစ်ပတ်အတွင်း ဒေါ်လာစျေး ကျပ် ၂၀ ကျဆင်းချိန်တွင် ဗဟိုဘဏ်က ပြင်ပစျေးကွက်ပေါက်စျေးထက် မြင့်သည့် ရည်ညွှန်းငွေလဲနှုန်းဖြင့် ဒေါ်လာ ၁၁ သန်းကျော် ဝယ်ယူ

ပြင်ပစျေးကွက်၌ တစ်ပတ်အတွင်း ဒေါ်လာစျေး ကျပ် ၂၀ ကျဆင်းချိန်တွင် ဗဟိုဘဏ်က ပြင်ပစျေးကွက်ပေါက်စျေးထက် မြင့်သည့် ရည်ညွှန်းငွေလဲနှုန်းဖြင့် ဒေါ်လာ ၁၁ သန်းကျော် ဝယ်ယူ
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 28 December 2018
စည်သူအောင်

ပြင်စျေးကွက်၌ တစ်ပတ်အတွင်း ဒေါ်လာစျေး ကျပ် ၂၀ ကျဆင်းချိန်တွင် ပြင်ပစျေးကွက်ပေါက်စျေးထက် မြင့်သည့် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ဒေါ်လာ ၁၁ သန်းကျော် ဝယ်ယူခဲ့ကြောင်း သိရသည်။

ပြင်ပစျေးကွက်တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာစျေးမှာ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၅၆၄ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၅၆၂ ကျပ်၊ ဒီဇင်ဘာ ၂၂ ရက် တွင် ကျပ် ၁၅၆၀၊ ဒီဇင်ဘာ ၂၄ ရက်တွင် ၁၅၅၆၊ ဒီဇင်ဘာ ၂၆ ရက်တွင် ၁၅၄၅ ကျပ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ၁၅၄၄ ကျပ်အထိ တစ်ပတ်အတွင်း ကျပ် ၂၀ ဝန်းကျင် ကျဆင်းခဲ့သည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော ရက်အလိုက် ရည်ညွှန်း ငွေလဲနှုန်းမှာ ဒီဇင်ဘာ ၂၀ ရက်တွင် ကျပ် ၁၅၇၀၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျပ် ၁၅၇၀၊ ဒီဇင်ဘာ ၂၄ ရက်တွင် ၁၅၆၉ ကျပ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ၁၅၆၆ ကျပ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ၁၅၅၈ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ရက်အလိုက် ခြောက်ကျပ်မှ ၂၁ ကျပ်အထိ မြင့်မားနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၅၀,၀၀၀၊ ဒီဇင်ဘာ ၂၄ ရက်တွင် ဒေါ်လာ ၄,၁၀၀,၀၀၀၊  ဒီဇင်ဘာ ၂၆ ရက်တွင် ဒေါ်လာ ၃,၀၀၀,၀၀၀၊ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်လာ ၄,၀၄၉,၈၀၀ ဝယ်ယူခဲ့ပြီး ရုံးဖွင့်ရက် ငါးရက်အတွင်း စုစုပေါင်းဝယ်ယူမှု ဒေါ်လာ ၁၁,၁၉၉,၈၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကွာခြားချက်သည် ၃၂၇ ကျပ်၊ ၂၄ ရာခိုင်နှုန်းကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး ဇွန်မှ ဒီဇင်ဘာလအထိ အတက်အကျများစွာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလဆန်း၌ ဒေါ်လာစျေး ကျပ် ၁၅၁၀ အထိ ပြန်ကျနေချိန်တွင် နိုင်ငံတော် ဗဟိုဘဏ်က ကျပ် ၁၅၇၀ နှုန်းဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၃၄ သန်းဖိုး ဝယ်ယူခဲ့ပြီး စျေးကွက်အတွင်း ဒေါ်လာစျေး ပြန်လည် မြင့်တက်ခဲ့သည်။

ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းဖြင့် လေလံစျေးကွက်မှ တစ်ဆင့် ဝယ်ယူမှု စုစုပေါင်း ပမာဏ ဒေါ်လာ သန်း ၅၀ ကျော် (ဒေါ်လာ ၅၀,၂၄၈,၉၀၀) ရှိပြီး လေလံစျေးကွက်မှ တစ်ဆင့် ရောင်းချမှုမှာ ဒေါ်လာ ၃ ဒသမ ၈၃ သန်း (ဒေါ်လာ ၃,၈၃၀,၀၀၀) သာ ရှိခဲ့သည်။

ပြည်တွင်း စျေးကွက်၌ ခြောက်လအတွင်း  လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြဂုတ်တွင် ၁၄၄၂-၁၅၇၀၊ စက်တင်ဘာတွင် ၁၅၃၈-၁၆၅၀၊ အောက်တိုဘာတွင် ၁၅၁၅-၁၆၀၀၊ နိုဝင်ဘာတွင် ၁၅၆၅-၁၅၉၅ ကျပ်၊ ဒီဇင်ဘာ (၁ ရက်မှ ၂၇ ရက်) တွင် ၁၅၁၀-၁၅၇၇ ကျပ်တို့ဖြစ်ပြီး သြဂုတ်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း မှာ တစ်ဒေါ်လာ ၁၅၅၈ ကျပ် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်မှ ၂၇ ရက်အတွင်း အနိမ့်ဆုံးနှုန်း ကျပ် ၁၅၄၀၊ အမြင့်ဆုံးနှုန်း ၁၅၇၃ ကျပ်ဖြစ်ကြောင်း သိရသည်။                

Most Read

Most Recent