တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ကျင်စန်းကျော့ဂိတ် ပိတ်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှု၌  နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနိုင်ဟုဆို

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ကျင်စန်းကျော့ဂိတ် ပိတ်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှု၌  နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနိုင်ဟုဆို
Published 28 December 2018
ကောင်းခန့်လင်း (မုံရွာ)

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ကျင်စန်းကျော့ထွက်ဂိတ် ပိတ်ခြင်းသည် နှစ်နိုင်ငံကုန်သွယ်မှု၌ နှစ်ဦးနှစ်ဖက် နစ်နာမှုများရှိနိုင်ကြောင်း မြန်မာကုန်သည်များက ဝေဖန်ပြောကြားသည်။

မူဆယ်မြို့ ကျင်စန်းကျော့ထွက်ပေါက်ကို ဒီဇင်ဘာ ၂၆ ရက်က မြန်မာကနေ စတင် ပိတ်လိုက်ကြောင်း၊ အဆိုပါ ဂိတ်ပိတ်သည့်အတွက် မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ထွက် ဂိတ်ပေါက် အပါအဝင် လမ်းများတွင် ကုန်ကားအများအပြား ပိတ်မိနေကြောင်း တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ပတ်သက်၍ တစ်ဖက်စောင်းနင်းနိုင်ကြောင်း၊ မျှတမှုမရှိကြောင်း မူဆယ်မြို့ ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ဆိုသည်။

“တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ တစ်ဖက်စောင်းနင်း နိုင်တယ်။ မျှတမှုမရှိဘူး။ မြန်မာနိုင်ငံဘက်ကနေ ကျင်စန်းကျော့ထွက်ပေါက်ကို ပိတ်လိုက်တယ်။ ဒီပိတ်လိုက်တဲ့ အပေါ်မှာတော့ နှစ်ဦးနှစ်ဖက် နစ်နာမှုကတော့ ရှိမယ်။ နောက်ပိုင်းမှာတော့ လက်ရှိထက် ပိုမိုကောင်းမွန် လာနိုင်ပါတယ်။ ရွှေလီဘက်ကတော့ မပိတ်ဘူး။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာကော လမ်းပေါ်တွေမှာကော ကျင်စန်းကျော့ထွက် ဂိတ်ပေါက်မှာကော ကားတွေ ပိတ်မိနေတယ်” ဟု မူဆယ်မြို့ ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ဆက်လက် ပြောကြားသည်။

တရုတ်အစိုးရသည် ဖရဲနှင့် သခွားကုန်သည်များနှင့် တောင်သူများအပေါ် စီးပွားရေးအရ တစ်ဖက်စောင်းနင်းနိုင်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးအရ မျှတရန် လိုအပ်ကြောင်း၊ တရုတ်အစိုးရသည် ၎င်းတို့နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ကာကွယ်နေကြောင်း၊ ယင်းအတွက် မြန်မာဘက်ကနေ ကျင်စန်းကျော့ထွက် ဂိတ်ပေါက်အား ပိတ်လိုက်မှုမှာ ဝမ်းသာစွာဖြင့် ကြိုဆိုထောက်ခံကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်မှ ဖရဲသခွားစိုက် တောင်သူ ကိုသစ္စာက ပြောကြားသည်။

“ကျွန်တော်တို့မှာက အစောကြီးကတည်းက ထိခိုက်နေတာဗျ။ ဒီလို ပိတ်လိုက်တော့ ကျွန်တာ်တို့ ဖရဲနဲ့သခွားသမားတွေက ကြိုဆိုတယ်။ ဒါကတော့ လုပ်ရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်က ကျွန် တော်တို့ကို အပေါ်စီးကနေ တောက်လျှောက် စီးပွားရေးကို ကစားနေတယ်။ ဒါကို တရုတ်နိုင်ငံရဲ့ ဗဟိုအစိုးရက မသိဘူး။ ရွှေလီအစိုးရပဲ ကျနော်တို့ကို ကစားနေတယ်။ စီးပွားရေးမှာက နှစ်ဖက်မျှတမှုရှိဖို့ လိုတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဖရဲနဲ့သခွား တောင်သူတွေက ညီညီညွတ်ညွတ်နဲ့ ဝန်းရံရမယ်။ မဝန်းရံဘူး ဆိုရင်တော့ ကျွန်တော်တို့ ဖရဲနဲ့ သခွားတောင်သူတွေ တစ်သက်လုံး အရှုံးနဲ့ပဲ ရင်ဆိုင်နေရမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်မှ ဖရဲသခွားစိုက် တောင်သူ ကိုသစ္စာက ဆက်လက် ပြောကြားသည်။

မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲသို့ တင်သွင်းမည့် ဆန်၊ သကြား၊ ပြောင်းများနှင့် နွားများကို ကနဦး စတင်ပိတ်ခဲ့ကြောင်း၊ ထို့နောက် ဖရဲနှင့်သခွားကား ပိတ်မိနေသည့်အတွက် အသံများ ကျယ်လောင်လာကြောင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအဝင် လမ်းများနှင့် ကျင်စန်းကျော့ထွက်ပေါက်များတွင်လည်း ထောင်နှင့်ချီ ကုန်သည်ကားများ ပိတ်မိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်ရေးမှာလည်း အရေးပါသည့် အနေအထားတွင်ရှိပြီး ထိုသို့ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင်  အိမ်နီးချင်း နိုင်ငံများအနက် တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်နေရကြောင်း သိရသည်။

 

Most Read

Most Recent