ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ 92 Ron ၇၂၀ ကျပ်၊ 95 Ron ၈၀၀ ကျပ်၊ ဒီဇယ် ကျပ် ၉၀၀၊ ပရီမီယံဒီဇယ် ၉၁၅ ကျပ်အထိ ပြန်ကျလာပြီး နှစ်လခွဲအတွင်း ၁၇ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်း

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ 92 Ron ၇၂၀ ကျပ်၊ 95 Ron ၈၀၀ ကျပ်၊ ဒီဇယ် ကျပ် ၉၀၀၊ ပရီမီယံဒီဇယ် ၉၁၅ ကျပ်အထိ ပြန်ကျလာပြီး နှစ်လခွဲအတွင်း ၁၇ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်း
Published 25 December 2018
စည်သူအောင်

ကမ္ဘာ့ရေနံစျေးနှုန်း ကျဆင်းလာပြီး ဒေါ်လာစျေး အတက်အကျနည်းပါးလာသောကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ 92 Ron ကျပ် ၇၂၀၊ 95 Ron ၈၀၀ ကျပ်၊ ဒီဇယ် ကျပ် ၉၀၀၊ ပရီမီယံဒီဇယ် ၉၁၅ ကျပ်အထိ ပြန်ကျလာပြီး စက်သုံးဆီအမျိုးအစားအလိုက် နှစ်လခွဲအတွင်း ၁၇ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်း အမြင့်ပိုင်းတွင် ဖြစ်ပေါ်နေချိန် ဒေါ်လာစျေးလည်း မြင့်တက်ခြင်းကြောင့် စက်သုံးဆီစျေး ဆက်တိုက်မြင့်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ လေးလကျော်အတွင်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာစံချိန်တင် စျေးနှုန်းများအနေဖြင့် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဆက် လက်မြင့်တက်ခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် အောက်တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ် လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက် တွင် ၇၄ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက်တွင် ၆၇ ဒေါ်လာ၊ စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၇၀၊ အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့ပြီးနောက် ဆက်တိုက်ပြန်ဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ အနိမ့်ဆုံးနှုန်းအဖြစ်သတ်မှတ်ထားသော စက်သုံးဆီလက်လီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ကျပ် ၉၀၀ (တစ်ဂါလန် ၄၀၈၆ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၉၁၅  (တစ်ဂါလန် ၄၁၃၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၇၂၀ (တစ်ဂါလန် ၃၂၆၈ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးစံချိန်တင် စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက နှစ်လခွဲအတွင်း ဒီဇယ် ၁၈ ရာခိုင်နှုန်းဝန်းကျင်၊ ပရီမီယံဒီဇယ် ၁၈ ရာခိုင်နှုန်းဝန်းကျင်၊ 92 Ron ၃၂ ရာခိုင်နှုန်းဝန်းကျင်၊ 95 Ron ၂၈ ရာခိုင်နှုန်းဝန်းကျင် စျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ် လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်စျေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent