GGS ကုမ္ပဏီ ပေးသွင်းရမည့် ဂက်စ်ဖိုး ကျပ်ရှစ်ဘီလျံကျော်ကို ပြည်ထောင်စု ဘတ်ဂျက်ထဲမှ ကြားဖြတ် ဖြည့်ဆည်းထားပေးရသည့်ကိစ္စ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဖြေရှင်းချက် ပေးစေချင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တောင်းဆို 

GGS ကုမ္ပဏီ ပေးသွင်းရမည့် ဂက်စ်ဖိုး ကျပ်ရှစ်ဘီလျံကျော်ကို ပြည်ထောင်စု ဘတ်ဂျက်ထဲမှ ကြားဖြတ် ဖြည့်ဆည်းထားပေးရသည့်ကိစ္စ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဖြေရှင်းချက် ပေးစေချင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တောင်းဆို 
Published 19 December 2018

ထားဝယ် မီးလင်းရေး ဆောင်ရွက်နေသော (GGS - Global Grand Services) ကုမ္ပဏီက ရေနံ သဘာဝဓာတ်ငွေ့ဌာနကို ပေးသွင်းရမည့် ဂက်စ်ဖိုး ကျပ် ရှစ်ဘီလျံကျော်ကို  လျှပ်စစ်ဌာနက ပြည်ထောင်စု ဘတ်ဂျက်ထဲက ကြားဝင် ဖြည့်ဆည်းထားပေးရသည့် ကိစ္စတွင် တာဝန်အရှိဆုံး ဖြစ်သည့် တိုင်းအစိုးရအနေဖြင့် ရေငုံနှုတ်ပိတ်နေရုံမက ငွေသွင်းရန်ကိစ္စအတွက် ဝန်ကြီးကိုယ်တိုင် လာတွေ့ရန် စိန်ခေါ်ခဲ့ခြင်းများနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအင်ဌာနအနေဖြင့် ဖြေရှင်းချက် ပေးစေချင်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။ 

ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၃/၂၀၁၈) အပေါ် နေပြည်တော်၌ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းက ဆွေးနွေးရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနရဲ့ ရေနံ့ နှင့် သဘာဝဓာတ်ငွေ့ စီမံရေးရာဦးစီးဌာန (OGPD) က စွမ်းအင်ဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များကို ၁၂ ရက် ၁၂ လ ၂၀၁၈ မှာ အမျိုးသား လွှတ်တော်ထဲ လာရောက် ရှင်းလင်းရာမှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မီးလင်းရေး ဆောင်ရွက်နေတဲ့ GGS ကုမ္ပဏီက ရေနံ သဘာဝဓာတ်ငွေ့ဌာနကို ပေးသွင်းရမယ့် ဂက်စ်ဖိုး ရှစ်ဘီလျံကျော်ကို လျှပ်စစ်ဌာနအနေနဲ့ ပြည်ထောင်စု ဘတ် ဂျက်ထဲကနေ ကြားဝင် ဖြည့်ဆည်းထားပေးရတဲ့ကိစ္စမှာ တာဝန်အရှိဆုံး တိုင်းအစိုးရအနေနဲ့ ရေငုံနှုတ်ပိတ်နေရုံမက ဒီဇင်ဘာ ၁၅ ရက် ထားဝယ်ခန်းမမှာ ငွေသွင်းဖို့ကိစ္စ ဝန်ကြီးကိုယ်တိုင် လာတွေ့ပါလို့ စိန်ခေါ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လျှပ်စစ်စွမ်းအင်ဌာန အနေနဲ့ တစ်စုံတစ်ရာ ဖြေရှင်းချက် ပေးစေချင်ပါတယ်။ လုပ်ငန်းရှင်က အစိုးရကို စိန်ခေါ်ရဲလောက်အောင် တာဝန်ရှိသူတွေဘက်က မျက်စိမှိတ် နားပိတ် နေတာလား။ သူတို့ မပေးသွင်းသေးတဲ့ ငွေတွေက ပြည်သူ့ငွေတွေ ဖြစ်လို့ ကာယကံရှင်တွေအတွက် အလွဲသုံးစား ဖြစ်မနေဘူးလားဆိုတာ စဉ်းစားစရာပါ”ဟု ဒေါက်တာ ခွန်ဝင်းသောင်းက ပြောကြားသည်။ 

လျှပ်စစ် စီမံကိန်းမျိုးမှာ ပြည်သူများအတွက် ဝန်ဆောင်မှု အကောင်ဆုံးနှင့် စျေးအသက်သာဆုံး ဖြစ်ရန်အတွက် ကုမ္ပဏီများကို ယှဉ်ပြိုင်ခွင့်ပေးရန် စဉ်းစားသင့်ကြောင်း၊ တစ်စုတစ်ဖွဲ့တည်းကပဲ လက်ဝါးကြီးအုပ်သည့် စီမံခန့်ခွဲမှုမျိုးက ရေရှည်တွင် အလုပ်မဖြစ်စေကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ဥပဒေများကိုလည်း ဖြေလျှော့ပြင်ဆင်ရန် လိုအပ်ပြီး တာဝန်ယူ တာဝန်ခံ အစိုးရဖြင့် ကိုယ်တိုင် ဦးဆောင်ချုပ်ဆိုထားသည့် စာချုပ်များနှင့် ပတ်သက်၍ စည်းကမ်း ဖောက်ပျက်လာပါက တိတိကျကျ အရေးယူပြုပြင်နိုင်ပါမှ ယခုကဲ့သို့ အားနာပါးနာ ရေငုံနှုတ်ပိတ်အဖြစ်မျိုးကို ရှောင်ခွင်းနိုင်မည် ဖြစ်သောကြောင့် လာမည့်စီမံကိန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနနှင့် ဒေသဆိုင်ရာ အစိုးရတို့ ပိုမို ညှိနှိုင်း ဆောင်ရွက်စေချင်ကြောင်းနှင့် မတိကျသည့် စာချုပ်ကြောင့် ပြဿနာဖြစ်လာမှ ကိုယ်နှင့်မဆိုင်သည့် ပုံစံဖြင့် ဘော်လီဘောပုတ်သလိုမျိုး မဖြစ်သင့်တော့ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ Global Grand Services က သဘာဝဓာတ်ငွေ့ဖိုး ကျပ်ရှစ်ဘီလျံ ပေးသွင်းရန် ကျန်ရှိနေသည်ကို သိရသည့်အတွက် များစွာ ရင်လေးမိပြီး မည်သည့်အတွက်ကြောင့် ကုမ္ပဏီများက အစိုးရကို ပေးရမည့် အခွန်အခ ဓာတ်ငွေ့ဖိုးများ မပေးဘဲ နေရသနည်း၊ နေလို့ရသနည်း ဆိုသည်ကို စဉ်းစားပြုပြင်ရန် လိုနေကာ သြဂုတ် ၂၁ ရက်က တနင်္သာရီတိုင်းဒေသကြီး အစိုးရမှ ပြည်ထောင်စုဝန်ကြီးဌာနသို့ သဘာဝဓာတ်ငွေ့ဖိုး ကျသင့်ငွေများကို စဉ်းစားပေးနိုင်ရန် မေတ္တာရပ်ခံစာ ပေးပို့သည့်အတွက် အင်မတန် အံ့အားသင့်ရကြောင်း ယင်းကိစ္စအပေါ် ဆွေးနွေးခဲ့သည့် ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။ 

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနသို့ မြန်မာကျပ်ငွေ  ရှစ်ဘီလျံကျော် အကြွေးပေးရန် ရှိသော ထားဝယ်ခရိုင်သို့ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသော Global Grand Services ကုမ္ပဏီက ပြည်သူထံက လျှပ်စစ်မီတာခ ဖိုးကောက်ခံပြီး ဂက်စ်ဖိုး မပေးသွင်း၍ ယင်းကုမ္ပဏီအား လျှပ်စစ်ဌာနက နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် ပေးသွင်းထားသည်ကို သိရကြောင်း၊ မြိတ်မြို့ မြန်မာ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအဆင့်ရှိ ငါးလေလံစျေး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူက စိုက်မွေးဆည်ဝန်ကြီးဌာန အောက်ရှိ ငါးလုပ်ငန်းဦးစီဌာနထံမှရရှိရန် ဒေါ်လာ ၄ သန်းနီးပါး လျော်ပေးပြီး ထပ်မံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဒေါ်လာ သန်း ၂၀ ငွေလွှဲခွင့် တောင်းခံနေခြင်းသည် အစိုးရသစ်စတင်ချိန်မှ လက်ရှိအချိန်ထိ လုပ်ဆောင်မပေးခြင်းအား ကြည့်လျှင် သက်ဆိုင်ရာဌာနများက ပြည်သူ့ဘဏ္ဍာငွေကို မိမိငွေကြေးကဲ့သို့ ဂရုမစိုက် အလေးမထားဘဲ လုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက ဆွေးနွေးသည်။ 

 

Most Read

Most Recent