ယခုကဲ့သို့ ဆုများရရှိရန်မမျှော်လင့်ခဲ့ဟု ဥရောပရွှေဖိနပ်ဆုကို (၅) ကြိမ်မြောက်ရယူနိုင်ခဲ့သည့် မက်ဆီ ပြောကြား

ယခုကဲ့သို့ ဆုများရရှိရန်မမျှော်လင့်ခဲ့ဟု ဥရောပရွှေဖိနပ်ဆုကို (၅) ကြိမ်မြောက်ရယူနိုင်ခဲ့သည့် မက်ဆီ ပြောကြား
Photo: Marca
Photo: Marca
Published 19 December 2018

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၄င်းအနေဖြင့် ငယ်စဉ်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်ရန်သာ မျှော်လင့်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ ဆုများရရှိရန် အိပ်မက်ပင်မမက်ခဲ့ဖူးကြောင်း ဥရောပရွှေဖိနပ်ဆုကို (၅) ကြိမ်မြောက်လက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ပြီးခဲ့သည့်ရာသီက လာလီဂါပြိုင်ပွဲတွင် (၃၄) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဥရောပတွင် အများဆုံးဖြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုကို လက်ခံရယူပြီးနောက် မက်ဆီက '' ကျွန်တော်ဘောလုံးကစားသမားဘဝ စတင်တုန်းက အခုလိုမျိုး ဆုတံဆိပ်တွေရမယ်လို့ တကယ်ကိုမမျှော်လင့်ခဲ့တာပါ။ ကျွန်တော့်ရဲ့အိပ်မက်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်ဖို့နဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ပဲဖြစ်ပါတယ်'' ဟု စပိန်အားကစားသတင်းစာ Marca သို့ပြောကြားခဲ့သည်။

ထို့ပြင် မက်ဆီက ၄င်းအနေဖြင့် ယခုကဲ့သို့ တစ်ဦးချင်းဆုတံဆိပ်များရယူနိုင်ခဲ့ခြင်းမှာ မိမိတစ်ဦးတည်း၏ အစွမ်းကြောင့်မဟုတ်ဘဲ အသင်းဖော်များ၏ ဖေးမကူညီမှုကြောင့်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

'' အသင်းဖော်တွေရဲ့ အားထုတ်မှု၊ အလုပ်ကြိုးစားမှုတွေကို ကျွန်တော်အရမ်းသဘောကျပါတယ်။ ကျွန်တော် ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားနေတာပါ။ အသင်းကိုနောက်တစ်ကြိမ် ကမ္ဘာ့အကောင်းဆုံးဖြစ်အောင် ကူညီပေးပြီး ဒီဆုကို နောက်တစ်ကြိမ်လိုချင်ပါသေးတယ်'' ဟုပြောကြားခဲ့သည်။

မက်ဆီသည် ဥရောပရွှေဖိနပ်ဆုကို (၅) ကြိမ်မြောက် စံချိန်တင်ရရှိခဲ့ခြင်းဖြစ်ပြီး ၄င်း၏မဟာပြိုင်ဘက် စီရော်နယ်လ်ဒို (၄ ကြိမ်) ထက် (၁) ကြိမ်အသာရသွားခဲ့ပြီဖြစ်သည်။