ရာသီကုန်၌ လမ်းခွဲမည့် ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းနေရာတွင် စပို့တင်းလစ္စဘွန်းအသင်း၏ အားကစားဒါရိုက်တာ ဟူဂိုဗီယာနာကိုအစားထိုးခန့်အပ်မည်ဟု မန်စီးတီးအတည်ပြု

ရာသီကုန်၌ လမ်းခွဲမည့် ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းနေရာတွင် စပို့တင်းလစ္စဘွန်းအသင်း၏ အားကစားဒါရိုက်တာ ဟူဂိုဗီယာနာကိုအစားထိုးခန့်အပ်မည်ဟု မန်စီးတီးအတည်ပြု
Photo: Ojogo
Photo: Ojogo
Published 13 October 2024

 

မန်စီးတီးအသင်းသည် ရာသီကုန်၌ လမ်းခွဲမည့် ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်း၏နေရာတွင် စပို့တင်းလစ္စဘွန်းအသင်း၏ အားကစားဒါရိုက်တာ ဟူဂိုဗီယာနာကို အစားထိုးခန့် အပ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

စပိန်လူမျိုး ဘီဂီရီစတိန်း(၆၀ နှစ်)သည် မန်စီးတီးအသင်းနှင့် (၁၂)နှစ်ကြာလက်တွဲခဲ့ပြီးနောက် လာမည့်နှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လမ်းခွဲတော့မည်ဖြစ်ကြောင်းနှင့် စပို့တင်းလစ္စဘွန်းမှ ဟူဂိုဗီယာနာကို အစားထိုးခန့်အပ်မည်ဖြစ်ကြောင်း မန်စီးတီးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ဘီဂီရီစတိန်းသည် စပိန်လက်ရွေးစင်ကစားသမားဟောင်းဖြစ်ပြီး ကစားသမားဘဝမှ အနားယူပြီးနောက် ၂၀၀၃ ခုနှစ်တွင် အသင်းဟောင်း ဘာစီလိုနာ၏ ဘောလုံးဒါ ရိုက်တာအဖြစ် စတင်တာဝန်ယူခဲ့သည်။ ၎င်းသည် ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ဥက္ကဋ္ဌဖြစ်သူ ယိုအန်လာပေါ်တာနှင့်အတူ ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ 

ဘီဂီရီစ တိန်းသည် ဘာစီလိုနာအသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြ ဂွါဒီယိုလာကို ၂၀၁၆ ခုနှစ် နွေရာသီတွင် မန်စီးတီးအသင်းသို့ ခေါ်ယူနိုင်ခဲ့ပြီး ၎င်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်။ မန်စီးတီးအသင်းသည် ဘီဂီရီစတိန်းတာဝန်ယူခဲ့သည့် (၁၂) နှစ်အတွင်း ပရီးမီးယားလိဂ် ခုနစ်ကြိမ်၊ FA ဖလား နှစ်ကြိမ်၊ လိဂ်ဖလားခြောက်ကြိမ်၊ ကွန်မြူနတီဒိုင်း သုံးကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးရယူနိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းအား ဂုဏ်ပြုသည့်အစီအစဉ်ကို ရာသီကုန်တွင် လုပ်ဆောင်မည်ဟုလည်း မန်စီးတီးအသင်းက ကြေညာခဲ့သည်။

ဘီဂီရီစတိန်းနေရာတွင် အစားထိုးတာဝန်ယူမည့် ဟူဂိုဗီယာနာ (၄၁ နှစ်) မှာ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူဟောင်းဖြစ်ပြီး စပို့တင်းလစ္စဘွန်း၊ နယူးကာဆယ်၊ ဗလင်စီယာ၊ အိုဆာဆူနာ၊ ဘရာဂါ၊ အယ်လ်အာလီ၊ အယ်လ်ဝါဆယ် စသည့်ကလပ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်သည်။ 

ဗီယာနာသည် ကစားသမားဘဝမှ အနားယူပြီးနောက် ပေါ်တူဂီကလပ် ဘယ်လန်နီးစ်အသင်းတွင် ဘောလုံးဒါရိုက်တာအဖြစ် စတင်တာဝန်ယူခဲ့ပြီး ခြောက်လအကြာမှာပင် လမ်းခွဲ၍ ၂၀၁၈ ခုနှစ်တွင် အသင်းဟောင်း စပို့တင်းလစ္စဘွန်းသို့ ရောက်ရှိလာခဲ့သည်။ စပို့တင်းလစ္စဘွန်းအသင်းသည် ၎င်းလက်ထက်တွင်  ဘရူနိုဖာနန်ဒက်စ်၊ မာသီးယပ်စ်နူးနက်စ်တို့ကို ရောင်းချမှုအပါအဝင် ဝင်ငွေများစွာရှာဖွေနိုင်ခဲ့သည်။ 

Most Read

Most Recent