မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရနိုင်သော မြေဟက်တာပေါင်း ၁၂ သန်းကျော်ရှိပြီး ထက်ဝက်ခန့်ကို စိုက်ပျိုးမြေဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်ဟုဆို

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရနိုင်သော မြေဟက်တာပေါင်း ၁၂ သန်းကျော်ရှိပြီး ထက်ဝက်ခန့်ကို စိုက်ပျိုးမြေဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်ဟုဆို
ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းသူဝင်းထွဋ်)
Published 15 December 2018
ဇေယျာငြိမ်း

မြန်မာနိုင်ငံအတွင်း၌ စိုက်ပျိုး၍ရနိုင်သော မြေဟက်တာပေါင်း ၁၂ သန်းကျော်ရှိပြီး ယင်းအနက် ထက်ဝက်ခန့်ကို စိုက်ပျိုးမြေ ဖြစ်လာအောင် ဆောင်ရွက်ရန် လိုအပ်သေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) ၏ ၂၀၁၈ White Book ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အကြံပြုချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း၌ စိုက်ပျိုး၍ရနိုင်သော မြေဟက်တာပေါင်း ၁၂ ဒသမ၂၅ သန်းရှိနေပြီး ယင်းပမာဏအနက် မြေဟက်တာ ၅ ဒသမ ၇ သန်း (၄၆ ဒသမ ၅ ရာခိုင်နှုန်း) မှာ စိုက်ပျိုးမြေဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မျှလုပ်ကိုင်နေပြီး အဆိုပါကဏ္ဍသည် နိုင်ငံ့ဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်းခန့် ရှိသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားသည့် ပမာဏ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ဝင်ရောက်ထားကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ၄၉ ရာခိုင်နှုန်းအထိသာ ခွင့်ပြုပေးထားသော်လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ထို့ပြင် လူဦးရေ တစ်ဘီလျံကျော်ရှိသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ရှိခြင်းကြောင့် စျေးကွက်အားဖြင့်လည်း အခွင့်အလမ်း ကောင်းမွန်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောကြားထားသည်။

“စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်း ထူထောင်ဖို့ကတော့ အခြေခံကျတဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ကြည့်မယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်တာတွေကို နိုင်ငံခြားသားတွေကို အများကြီး လွတ်လွတ်လပ်လပ် လုပ်လို့ရအောင် ဖွင့်ပေးထားပါတယ်။ အရင်တုန်းက လယ်ယာကဏ္ဍမှာ လယ်ယာကဏ္ဍနဲ့ ဆက်စပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နိုင်ငံခြားသားတွေကို ၄၉ ရာခိုင်နှုန်းထက်ပိုပြီး လုပ်လို့မရပေမယ့် အခုဆို ၈၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်ခွင့် ပေးထားပါတယ်။ ကျွန်တော် ဘာကိုပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ဟာ လူဦးရေ တစ်ဘီလျံကျော်ကျော်ရှိတဲ့ အိန္ဒိယ၊ နောက်တစ်ခါ တစ်ဘီလျံကျော်ရှိတဲ့ တရုတ် ဒီနှစ်ခုကြားမှာ ရှိတဲ့အတွက် Agro-Base Industry ကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အများကြီး စျေးကွက်အခွင့်အလမ်းတွေ ရှိတဲ့အကြောင်း ပြောလိုပါတယ်” ဟု ၎င်းကပြောကြားသည်။

တချို့ဒေသရှိ လယ်ယာမြေများမှာ ရေသွင်းစိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်း၊ မြေသြဇာ အသုံးပြုကာ စိုက်ပျိုးခြင်း၊ လုပ်သားအသုံးပြုစရာ မလိုသော ပေါင်းသတ်ဆေးများ အသုံးပြုစိုက်ပျိုးခြင်း၊ အသေးစား စက်ကိရိယာများ အသုံးပြုခြင်းတို့ကြောင့် အထွက်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် လုပ်သားရှားပါးလာခြင်း၊ စိုက်ပျိုးမြေ ရှားပါးလာခြင်းတို့ကြောင့် စိုက်ပျိုးရေးအပေါ် ထိခိုက်နိုင်ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်းက မြန်မာနိုင်ငံအတွင်း မြို့ပြဒေသများတွင် အစားအသောက် လိုအပ်ချက် သိသာစွာ မြင့်တက်လာကြောင်း ဖော်ပြထားသည်။                           

 

Most Read

Most Recent