ကုမ္ပဏီများအနေဖြင့် ပို့ကုန်သွင်းကုန်၏ Invoice နှင့် Sale Contract ပါ စျေးနှုန်းများကို အခွန်တိမ်းရှောင်ရန် ရည်ရွယ်၍ မမှန်မကန် ဖော်ပြခြင်းအား တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်

ကုမ္ပဏီများအနေဖြင့် ပို့ကုန်သွင်းကုန်၏ Invoice နှင့် Sale Contract ပါ စျေးနှုန်းများကို အခွန်တိမ်းရှောင်ရန် ရည်ရွယ်၍ မမှန်မကန် ဖော်ပြခြင်းအား တည်ဆဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်
ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်ရှိ MIPP ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်ရှိ MIPP ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 1 December 2018
နီလာ

ကုမ္ပဏီများအနေဖြင့် ပို့ကုန်သွင်းကုန်၏ Invoice နှင့် Sale Contract ပါစျေးနှုန်းများကို အခွန်တိမ်းရောင်ရန် ရည်ရွယ်၍ မမှန်မကန် ဖော်ပြခြင်းကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း စျေးနှုန်းမှန်ကန်ရေး စိစစ်မှုအဖွဲ့က ထုတ်ပြန်လိုက်သည်။

ကုမ္ပဏီများအနေဖြင် တင်ပို့ခြင်း/တင်သွင်းခြင်း ကိစ္စရပ်တွင် Invoice နှင့် Sale Contract တို့အား အတုအပ ပြုလုပ်ခြင်း၊ Invoice နှင့် Sale Contract ပါ အချက်အလက်များအား မမှန်မကန်ဖော်ပြခြင်း၊ တရားမဝင် ဆောင်ရွက်ခြင်း ကဲ့သို့သော Invoice နှင့် Sale Contract ပါ စျေးနှုန်းနှင့် တန်ဖိုးများအား အခွန်ရှောင်တိမ်းရန် ရည်ရွယ်၍ မမှန်မကန် ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိရပါက လိုင်စင်ခွင့်ပြုမှုအတွက် တင်ပို့/တင်သွင်းခဲ့သည့် စျေးနှုန်းများအား ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၁-၆-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၃၈/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယင်းကဲ့သို့ မမှန်မကန် ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ရန် စျေးနှုန်းမှန်ကန်ရေး စိစစ်မှုအဖွဲ့မှ အောက်ပါအတိုင်း စိစစ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စျေးနှုန်းမမှန်မကန် ဖော်ပြလျှောက်ထားသည်ဟု စစ်ဆေးတွေ့ရှိသည့် ကုမ္ပဏီများ စာရင်းကို စိစစ်ရေး အဖွဲ့များမှ တင်ပြလာပါက ၎င်းကုမ္ပဏီများ၏ ဒါရိုက်တာ (သို့) တာဝန်ရှိသူကို ခေါ်ယူ၍ အဖွဲ့ဖြင့် ထပ်မံစစ်ဆေး မေးမြန်းမှုများ (Re-Check) ပြုလုပ်ခြင်း၊ အစစ်ဆေးခံရသည့် ကုမ္ပဏီအား အသေးစိတ် စစ်ဆေးရန် ခိုင်လုံသော အထောက်အထား စာရွက်စာတမ်းများဖြင့် တောင်းယူစစ်ဆေးခြင်း၊ လိုင်စင်/ID လျှောက်ထားသည့် စျေးနှုန်းအတိုင်း အမှန်ငွေလွှဲထားခြင်း ရှိ/မရှိ စိစစ်နိုင်ရန် ငွေလွှဲစာတမ်း၊ ဘဏ်စာရင်း စာအုပ်တို့ကို စိစစ်ခြင်းပြုလုပ်၍ မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါက အရေးယူမှု လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ခြင်း။ မမှန်မကန်ဖော်ပြ လျှောက်ထားသော ကုမ္ပဏီများအား ဥပဒေအရ ကွာဟအခွန်ငွေများ ပြန်လည်ပေးသွင်းစေပြီး ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီမမှန်မကန် ဖော်ပြလျှောက်ထားမှုများကို စိစစ်တွေ့ရှိရပါက လိမ်လည်တင်ပြခြင်းအတွက် ရာဇသတ်ကြီး ပုဒ်မ ၄၆၃၊  ပုဒ်မ ၄၆၄၊ ပုဒ်မ ၄၆၈ တို့ဖြင့် အရေးယူခြင်း  သို့မဟုတ် ပို့ကုန်သွင်းကုန် ဥပဒေအရ အရေးယူခြင်းအပြင် အခွန်တိမ်းရှောင်မှုအတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန၏  ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ပုဒ်မ ၂၂ (ခ) နှင့် ပုဒ်မ ၂၇ (က)များဖြင့်လည်း အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ပို့ကုန်/သွင်းကုန်၏ Invoice နှင့် Sale Contract ပါ စျေးနှုန်းများ မမှန်မကန် ဖော်ပြ ခြင်းကို စစ်ဆေးတွေ့ရှိပါက ယင်းသို့ မရိုးမသား ဆောင်ရွက်မှုများအတွက် ကိစ္စရပ်တစ်ခုအပေါ် မူတည်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်အရေးယူသွားမည် ဖြစ်ပါကြောင်း သိရသည်။                           

 

Most Read

Most Recent