လူမှုဗေဒနှင့် နိုင်ငံရေးသိပ္ပံ

လူမှုဗေဒနှင့် နိုင်ငံရေးသိပ္ပံ
Published 5 November 2018

လူမှုဗေဒပညာရှင်နှင့် နိုင်ငံရေးသိပ္ပံပညာရှင်တို့ နှစ်ဦးစလုံးသည် လူမှုအဖွဲ့အစည်းကို လေ့လာကြသူများ ဖြစ်သည်။ လေ့လာမှုများကို လူမှုရေးဆိုင်ရာ အမူအကျင့်များနှင့် လူမှုအုပ်စုများ၏ ဇာစ်မြစ် (မိုက်ခရိုသုံးသပ်ချက်) မှသည် ဖွံ့ဖြိုးမှုများ၏ ဇာစ်မြစ်နှင့် နိုင်ငံရေးစနစ်များကို ကျင့်သုံးမှုများ (မက်ခရိုသုံးသပ်မှု) အထိ ချဲ့ထွင်ခြင်းဖြစ်သည်။ ၎င်းင်း တို့၏ သုတေသနပြုမှုများသည် တစ်ဦးချင်း၊ အုပ်စုလိုက်နှင့် အစိုးရအဖွဲ့များ အစရှိသည် တို့ ဆုံးဖြတ်ချက်ချပုံ၊ အာဏာကို ကျင့်သုံးပုံနှင့် ပြောင်းလဲမှုများကို တုံ့ပြန်ပုံ နည်းလမ်း အမျိုးမျိုးကို ရှုမြင်ရန် အမြင်များကို ပေးသည်။ ၎င်းင်းတို့၏ လေ့လာမှုများနှင့် သုံးသပ်မှု များမှတစ်ဆင့် လူမှုဗေဒပညာရှင်နှင့် နိုင်ငံရေးသိပ္ပံပညာရှင်တို့ နှစ်ဦးစလုံးသည် လူမှုရေး ဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အစိုးရအဖွဲ့ဆိုင်ရာ ပြဿနာများအား ဖြေရှင်းပုံများကို အကြံပြုသည်။ အမှန်တကယ်၌ ယင်းပညာရှင် အများအပြားသည် အစိုးရအဖွဲ့များ သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းများ အတွက် ပြည်သူ့ရေးရာမူဝါဒ သုံးသပ်သူများအဖြစ် ဆောင်ရွက်ကြသည်။

လူမှုဗေဒ ပညာရှင်များသည် အုပ်စုများ၊ ဓလေ့များ၊ အဖွဲ့အစည်းများနှင့် လူမှုအင်စတီကျူးရှင်းများကို စစ်ဆေးလျက် လူမှုရေးဆိုင်ရာ အမူအကျင့်များအပေါ် အာရုံစိုက်လေ့ ရှိသည်။ ၎င်းင်းတို့သည် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၌ ဆောင်ရွက်သည့် လုပ်ဆောင်ချက်များ အပါအဝင် လူအများပါဝင် ဆင်နွှဲသည့် လုပ်ဆောင်မှုများကိုလည်း လေ့လာကြသည်။ ၎င်းင်းတို့သည် အုပ်စုများ၊ အဖွဲ့ အစည်းများ၊ အင်စတီကျူးရှင်းများနှင့် နိုင်ငံများအကြား အမူအကျင့်များနှင့် အပြန်အလှန် သက်ရောက်မှုများကို လည်းကောင်း၊ နည်းပညာများ၊ ရာဇဝတ်မှု၊ လူမှုရေးလှုပ်ရှားမှုများ နှင့် ရောဂါများ ပျံ့နှံ့ပုံကဲ့သို့သော ဖြစ်ရပ်များအပေါ် လူတို့၏တုံ့ပြန်ပုံများကို လည်းကောင်း လေ့လာကြသည်။ ၎င်းတို့သည် ယင်းအုပ်စုများနှင့် အပြန်အလှန် ပြုမူမှုများ၏ ဇာစ်မြစ်နှင့် ကြီးထွားပုံများကိုလည်း ခြေရာခံကြသည်။ လူမှုဗေဒ ပညာရှင်များသည် လူမှုရေး သြဇာလွှမ်းမိုးမှုများက ကွဲပြားခြားနားသော လူတစ်ဦးချင်းနှင့် အုပ်စုများအပေါ် သက်ရောက်ပုံများကို လည်းကောင်း၊ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများက တူညီသော လူများ၏ နေ့စဉ်ဘဝများအပေါ် သက်ရောက်ပုံများကို လည်းကောင်း လေ့လာသုံးသပ်ကြသည်။

နိုင်ငံရေး သိပ္ပံပညာရှင်များသည် အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများအကြား ဆက်ဆံရေးများ၊ နိုင်ငံများ၏ အင်စတီကျူးရှင်းများနှင့် နိုင်ငံရေးဘဝများ၊ မြို့ငယ်များ သို့မဟုတ် အဓိကမြို့ကြီးများ၏ နိုင်ငံရေးနှင့် အမေရိကန် အထက်တရားရုံး၏ ဆုံးဖြတ်ချက်များ ကဲ့သို့သော အတိုင်းအတာ ကျယ်ပြောလှသည့် အကြောင်းအရာများနှင့် ပတ်သက်၍ သုတေသနများကို ဆောင်ရွက်ကြသည်။ မက်ခရိုအကျဆုံး အမြင်ဖြင့် ကြည့်ပါက နိုင်ငံရေးသိပ္ပံသည် အာဏာနှင့် အာဏာဖွံ့ဖြိုးလာပုံ၊ အာဏာကို လူတစ်ဦးချင်း သို့မဟုတ် အုပ်စုအလိုက် အသုံးပြုပုံတို့ကို လေ့လာမှုဟု ဆိုနိုင်သည်။ ယင်း၌ စဉ်းစားစရာ အကြောင်းအရာ ခေါင်းစဉ်ပေါင်း များစွာရှိသည်။ ဥပမာအားဖြင့် ပြည်သူတို့၏ ထင်မြင်ချက်သဘောထား၊ နိုင်ငံရေးဆိုင်ရာ စိတ်ပညာနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ အိုင်ဒီယိုလိုဂျီနှင့် ပြည်သူ့ရေးရာ မူဝါဒတို့အပြင် အစိုးရအဖွဲ့နှင့် အခြားအဖွဲ့အစည်း အမျိုးမျိုး (ဥပမာ- အန်ဂျီအိုများ) အစရှိသည်တို့ ပါဝင်နိုင်သည်။

နိုင်ငံရေးသိပ္ပံ ပညာရှင်များသည် အစိုးရအဖွဲ့များ သို့မဟုတ် အလုပ်သမားရေးရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ပရော်ဖက်ရှင်နယ်ဆိုင်ရာ အဖွဲ့အစည်းများ (ယင်းတို့ထဲမှအချို့သည် အကျိုးအမြတ် ရယူခြင်းမရှိသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်) အစရှိသည်တို့အတွက် မူဝါဒရေးရာ သုံးသပ်သူများအဖြစ် ဆောင်ရွက်လေ့ရှိကြသည်။ ၎င်းတို့သည် အစိုးရအဖွဲ့များ၏ သို့မဟုတ် စီးပွားရေးလုပ်ငန်းများ၏ မူဝါဒများနှင့် ပတ်သက်၍ စီမံကိန်းချခြင်း၊ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ဖွင့်ဆိုရှင်းပြခြင်းတို့၌ အထောက်အကူပြုရန် အချက်အလက်များကို စုဆောင်းခြင်းနှင့် သုံးသပ်ခြင်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ သုတေသနမှရရှိသော ရလဒ်များကို ရာဇဝတ်မှုကာကွယ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စအား ကိုင်တွယ်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း အစရှိသည်တို့နှင့် ပတ်သက်၍ ပြည်သူများ နိုးကြားလာအောင် လှုံ့ဆော်ရန် အသုံးပြုကြပြီး အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် သြဇာသက်ရောက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြသည်။

မည်သို့ပင် ဆိုစေကာမူ လူမှုဗေဒပညာရှင်များနှင့် နိုင်ငံရေး သိပ္ပံပညာရှင်များသည် နိုင်ငံတည်ဆောက်ရေး၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent