အဝေးကွင်းမှာ ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့မန်ယူ

အဝေးကွင်းမှာ ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့မန်ယူ
Photo: Man Utd via Getty Images
Photo: Man Utd via Getty Images
Published 3 November 2018

■ ဘုန်းမောက် ၁-၂ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဘုန်းမောက်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာတော့ မန်ယူအသင်းက အဝေးကွင်းမှာ ရပ်ရှ်ဖို့ဒ်ရဲ့နောက်ကျသွင်းဂိုးနဲ့အတူ (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၃) ပွဲဆက်ရှုံးပွဲမရှိထားတဲ့ မန်ယူအသင်းဟာ ဒီပွဲမှာလည်း ရလဒ်ကောင်းရဖို့ကြိုးပမ်းခဲ့ပြီး တိုက်စစ်မှာ လူကာကူမပါဝင်ပေမယ့် ခြေစွမ်းပြနေတဲ့ မာစီယဲလ်၊ ဆန်းချက်ဇ်၊ မာတာ၊ ပေါ့ဘာတို့နဲ့အတူ အသင်းရဲ့လူစာရင်းက အင်အားတောင့်တင်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၄) ပွဲဆက်ရှုံးပွဲမရှိဘဲ (၃)ပွဲအနိုင်ရထားတဲ့ ဘုန်းမောက်အသင်းကလည်း အိမ်ကွင်းမှာရလဒ်ကောင်းဖို့ အတောင့်တင်းဆုံးအင်အားနဲ့ ပြန်ရင်ဆိုင်ခဲ့တာပါ။

ပွဲစကတည်းက ဘုန်းမောက်တို့ မန်ယူအသင်းဘက်ကို တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ 

ဒါကြောင့်လည်း အိမ်ရှင်ဘုန်းမောက်တို့ အဖွင့်ဂိုးကိုစောစာစီးစီးရခဲ့ပြီး ပွဲချိန် (၁၁) မိနစ်မှာ မန်ယူအသင်းရဲ့ခံစစ်ဟာကွက်ကိုအခွင့်ကောင်းယူကာ စတန်နင်းစလက်ရဲ့ပေးပို့မှုကနေ ဝီလ်ဆင်က ပိတ်သွင်းယူခဲ့ပါတယ်။ 

ဝီလ်ဆင်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး (၇) ဂိုး၊ ဖန်တီးမှု (၄) ကြိမ်နဲ့ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၁၁) ဂိုးအထိရှိကာ အများဆုံးပမာဏလည်းဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးချိန်မှာ မန်ယူအသင်း ဘုန်းမောက်အသင်းဘက်ကို ဖိဖိစီးစီးပြန်တုံ့ပြန်ခဲ့ပြီး ချေပဂိုးအတွက်ကြိုးစားခဲ့တာပါ။ 

ဒါပေမဲ့ ဘုန်းမောက်အသင်းရဲ့ ခံစစ်ပိုင်းနဲ့ ဂိုးသမားဘီဂိုဗစ်တို့အကောင်းဆုံးပုံစံမှာရှိနေလို့ ချေပဂိုးအတွက်ခက်ခဲခဲ့ပါတယ်။

မန်ယူအသင်းအတွက်ချေပဂိုးကိုတော့ ပွဲချိန် (၃၅) မိနစ်မှာရရှိခဲ့တာဖြစ်ပြီး တန်ပြန်တိုက်စစ်ကတစ်ဆင့် ဆန်းချက်ဇ်ရဲ့ပေးပို့မှုကို (၁၈) ကိုက်စည်းအစပ်ကနေ မာစီယဲလ်က ပြေးပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ မာစီယဲလ်အတွက် ပရီးမီးယားလိဂ် (၄)ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်ယူကစားသမားဘဝ ပထမဆုံးသောစွမ်းဆောင်နိုင်မှုလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ (၁-၁) ဂိုးနဲ့သာပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းကတော့ ပိုပြီးအကြိတ်အနယ်ရှိတဲ့ပွဲစဉ်ကိုမြင်ခဲ့ရပါတယ်။

မန်ယူအသင်းဟာ ဒုတိယပိုင်းမှာ ဘုန်းမောက်အသင်းဘက်ကို ဆက်တိုက်ဖိအားပေးခဲ့ပြီး အနိုင်ဂိုးအတွက်ကြိုးစားခဲ့တာပါ။ ရပ်ရှ်ဖို့ဒ်၊ ပေါ့ဘာတို့ရဲ့ အနီးကပ်ပိတ်သွင်းချက်တွေ ဘုန်းမောက်နောက်ခံလူတွေရှင်းထုတ်နိုင်ခဲ့သလို၊ ဘီဂိုဗစ်ကလည်း မန်ယူအသင်းရဲ့ ဂိုးရနိုင်တဲ့ ကန်သွင်းချက်တွေကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

ဘုန်းမောက်အသင်းရဲ့ ဂိုးရနိုင်တဲ့ကန်သွင်းချက်တွေကိုလည်း မန်ယူဂိုးသမားဒီဟေးယားကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့လို့ မန်ယူအသင်း သက်သာရာရခဲ့တာပါ။

မန်ယူအသင်းအတွက်အဖိုးတန်အနိုင်ဂိုးကိုတော့ မိနစ် (၉၀) ပြည့်အပြီး နာကျင်အချိန်ပို (၂) မိနစ်မှာ ရရှိခဲ့တာပါ။ ဒီဂိုးကိုတော့ ဘုန်းမောက်ဂိုးစည်းအတွင်း ရှုပ်နေတဲ့အနေအထားကနေ ရပ်ရှ်ဖို့ဒ်က အနီးကပ်ပိတ်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါဟာရပ်ရှ်ဖို့အတွက် မန်ယူကစားသမားဘဝမှာ နာကျင်အချိန်ပိုအနိုင်ဂိုးကို (၂) ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပေါလ်စခိုးလ်၊ ဗန်ပါစီတို့ရဲ့ စွမ်းဆောင်ရည်နဲ့တူညီခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်ယူအသင်းက (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပြီး စက်တင်ဘာနောက်ပိုင်း ပထမဆုံးသော ပရီးမီးယားလိဂ် (၂) ပွဲဆက်အနိုင်မှတ်တမ်းကို ရယူနိုင်ခဲ့ပေမယ့် ဘုန်းမောက်ကတော့ ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။



 

Most Read

Most Recent