မန်ယူအသင်းဘတ်စ်ကား နောက်ကျ၍ မန်ယူ - ဗလင်စီယာပွဲ (၅)မိနစ် နောက်ဆုတ်ကျင်းပခဲ့ရ

မန်ယူအသင်းဘတ်စ်ကား နောက်ကျ၍ မန်ယူ - ဗလင်စီယာပွဲ (၅)မိနစ် နောက်ဆုတ်ကျင်းပခဲ့ရ
Published 3 October 2018

 

ပြီးခဲ့သည့် အင်္ဂါနေ့ကကစားခဲ့သော မန်ယူ (၀-၀) ဗလင်စီယာပွဲမှာ ပုံမှန်ပွဲကစားချိန်ထက် (၅)မိနစ်နောက်ဆုတ်၍ ကစားခဲ့ရပြီး ယင်းကဲ့သို့ ပွဲချိန်နောက်ကျ ကျင်းပရခြင်းမှာ အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ မန်ယူအသင်း၏ ဘတ်စ်ကားနောက်ကျ၍ ရောက်ရှိလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းဘတ်စ်ကားသည် ပွဲကစားချိန်ထက် (၄၅) မိနစ်သာစော၍ ရောက်ရှိလာခဲ့ရာ အသင်းအနေဖြင့် ပြင်ဆင်ချိန်မလုံလောက်ခြင်းကြောင့် ပွဲကစားချိန်အနည်းငယ် နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။မန်ယူအသင်း တာဝန်ရှိသူများကမူ ယင်းကဲ့သို့ နောက်ကျခြင်းအတွက် မန်ချက်စတာမြို့အတွင်း ကားလမ်းပိတ်ဆို့မှုကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။

မန်ယူအ သင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် (၃) မိုင်မျှသာ ကွာဝေးသော (အသင်းတည်းခိုရာ) Lowry ဟိုတယ်မှ ညနေ(၆းဝ၀)နာရီအချိန် တွင်  ထွက်ခွာလာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်း သို့ ည(ရး၁၅)နာရီမှ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ဒေသစံတော်ချိန် ည (၈းဝ၀)နာရီအချိန်တွင်စတင်ရမည့် ယင်းပွဲကို (၈းဝ၅)နာရီမှသာ စတင်နိုင်ခဲ့သည်။

မော်ရင်ဟိုကလည်း ယင်းကဲ့သို့နောက်ကျရခြင်းနှင့် ပတ်သက်၍ "ကျွန်တော်တို့  ညနေ(၆းဝ၀)နာရီမှာ ဟိုတယ်ကထွက်ခွာခဲ့ပြီး မိနစ်(၃၀)လောက်နဲ့ ကွင်းကိုရောက်မယ်လို့ ထင်ခဲ့ပါတယ်။ ပုံမှန်မောင်းမယ်ဆိုရင် အဲဒီ လောက်ပဲ အချိန်ကြာတာပါ။ ဒီနေ့မှာ ကျွန်တော်တို့အသင်း ဘတ်စ်ကားကို ရဲတပ်ဖွဲ့က (ရှေ့ပြေး) ဝန်းရံမှုမလုပ်ခဲ့တာကြောင့် ကိုယ့်ဘာသာကိုယ်ပဲလာရလို့ ဒီလိုနောက်ကျသွားတာပါ။ ဒိုင်လူကြီးနဲ့ UEFA က တော်တော် ကောင်းပါတယ်။ ကျွန်တော်တို့ကို ပွဲ(၅)မိနစ် နောက်ကျကစားခွင့်ပေးခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ဗလင်စီယာအသင်းမှာ အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် (၆)မိုင်မျှဝေးကွာသော Worsley Marriott ဟိုတယ်တွင် တည်းခိုုခြင်းဖြစ်သော်လည်း ကွင်းသို့အချိန်မီ ရောက်ရှိလာခဲ့သည်။

Most Read

Most Recent