မာလီနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး၏ နေအိမ် ကားဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် က ကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာ သေဆုံးခဲ့ကြောင်း မိသားစုဝင်များက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဖြစ်ပွားချိန်တွင် စစ်တပ်သည် မြို့တော်ဘာမာကိုအနီးနှင့် အခြားမြို့ကြီးများ၌ ဂျီဟတ်တိုက်ခိုက်ရေးသမားများနှင့် ခွဲထွက်ရေးသူပုန်များအား ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်နေချိန်ဖြစ်ပြီး ယင်းဖြစ်စဉ်သည် ဆာဟယ်ဒေသရှိ အာဏာသိမ်းစစ်အစိုးရကို ပြင်းထန်သော ဖိအားများအောက်သို့ ရောက်ရှိစေခဲ့သည်။
ဘာမာကိုမြို့အပြင်ဘက်ရှိ စစ်အစိုးရ၏ ခိုင်မာသောစခန်းဖြစ်သည့် ကီတာမြို့တွင် ၎င်း၏နေအိမ်၌ ကားဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာ၊ ၎င်း၏ ဒုတိယဇနီးနှင့် မြေးနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း မိသားစုဝင်များနှင့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဇာဝက်လွတ်မြောက်ရေးတပ်ဦး (FLA) မဟာမိတ်အဖွဲ့မှ တူအာရက်သူပုန်များနှင့် ဂျီဟတ်အဖွဲ့ဖြစ်သည့် အစ္စလာမ်နှင့် မွတ်စလင်များ ကူညီပံ့ပိုးရေးအဖွဲ့ (JNIM) တို့သည် ဧပြီ ၂၅ ရက်က နိုင်ငံတစ်ဝန်းရှိ နေရာအချို့ကို ပစ်မှတ်ထား ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ဧပြီ ၂၆ ရက်တွင် ဘာမာကိုအနီးရှိ ကီတာ၊ ကီဒယ်၊ ဂါအိုနှင့် ဆီဗီယာမြို့များအပါအဝင် နေရာအချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တူအာရက်သူပုန်များက မာလီစစ်တပ်ကို ထောက်ခံအားပေးနေသည့် ရုရှားတပ်ဖွဲ့များကို မြောက်ပိုင်းမြို့ဖြစ်သည့် ကီဒယ်မှ ထွက်ခွာခွင့်ပြုသည့် သဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးယင်းမြို့ကို သူတို့က အပြီးသတ်ထိန်းချုပ်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref:AFP















