နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှလုံးဆေးကုဌာနများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ တစ်သိန်းအတွက် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
ဧပြီ ၂၃ရက်က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ သင်ကြားရေးနှင့်ကုသရေးမှ တာဝန်ရှိသူများအား (၂၀၂၆)ခုနှစ် ဧပြီလ(၂၃)ရက်တွင် ဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများ၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် နိုင်ငံတော်၏ အနာဂတ်ကာလတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကိုအဓိကဦးစားပေးအနေဖြင့် အခြေခံမှစ၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု လမ်းညွှန်မှာကြားပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်သည့် မူဝါဒများချမှတ် အကောင်အထည် ဖော်သည့်နေရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်ရန် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု Universal Health Coverage (UHC) ရရှိရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးသည် အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် ပြည်သူလူထုကိုတိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လူတိုင်းသက်တမ်းစေ့အသက် ရှည်စွာနေနိုင်ရေး နိုင်ငံသားများ၏ မျှော်မှန်းသက်တမ်းတိုးမြှင့်လာစေရေးအတွက် ဝန်ကြီးဌာန အနေဖြင့် ဘက်ပေါင်းစုံမှစဉ်းစား၍ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရက်(၁၀၀)စီမံချက် အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှလုံးဆေးကုဌာနများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ (၁၀၀,၀၀၀) အတွက် စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လုံခြုံတည်ငြိမ်အေးချမ်းမှုရှိသော ကျေးရွာ တိုင်း၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ရက်(၁၀၀)စီမံချက်တွင် တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်(၁၄)ခု၌ သူနာပြုသင်တန်း ကျောင်း (၁၅) ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းများအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှင့်ပတ်သက်၍ ရည်အသွေးပြည့်မီသော အထူးကုဆရာဝန် များ ဖြစ်စေရန်အတွက် ဘွဲ့လွန်ရရှိရေးသည် အရေးကြီးသကဲ့သို့ ကျင့်ဝတ်နှင့်ကိုက်ညီပြီး နိုင်ငံတော်အပေါ် သစ္စာရှိသော၊ ပြည်သူလူထုအား အလုပ်အကျွေးပြုသော ကျန်းမာရေးဝန်ထမ်းများ ဖြစ်ရန် အထူးလိုအပ်ကြောင်း၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးနှင့် ကုသရေး တာဝန်ရှိသူများအနေဖြင့် ဆေးပညာသင်ကြားရေးအပြင် ဆေးကုသမှုလုပ်ငန်းများတွင်ပါ စံပြ (Role Model) အနေဖြင့် နေထိုင်ပြုမူကျင့်ကြံဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့(၁/၂၀၂၆) အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက (၂၀၂၇)ပညာသင်နှစ်၌ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများအလိုက် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များ၊ တက္ကသိုလ်အလိုက် အများဆုံးလက်ခံသင်ကြားပေးနိုင်မည့် လျာထားဦးရေနှင့် လူတွေ့နှုတ်ဖြေ အမှတ်ပေး "မူ" သတ်မှတ်ခြင်းကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်ပြီး ယနေ့အစည်း အဝေးမှ ထွက်ပေါ်လာသော သဘောတူဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။















