အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ မြဝတီမီဒီယာစင်တာတွင် ဧပြီ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျင်းပသော အခမ်းအနားတွင် သံအမတ်ကြီး H.E. Shri Abhay Thakurက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh ကမိန့်ခွန်းပြောကြားခဲ့သည်။
ထို့ပြင် ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) မှ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ ယဉ်ကျေးမှုအဆိုအကများဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) ကို ၁၉၅၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ် ဧပြီလ ၉ ရက်နေ့တွင် အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR)ကို တည်ထောင်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလေ့ရှိကြောင်းသိရသည်။
ICCR ကို အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးနှင့် အပြန်အလှန် နားလည်မှုများ ခိုင်မာစေရန်၊ ကမ္ဘာတစ်ဝှမ်းတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်၂၀၂၆ ခုနှစ်သည် ICCR ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။
ယခုနှစ်သည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၎င်းအား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ စီစဉ်ကျင်းပခြင်း ဖြစ်သောကြောင့် ထူးခြားအရေးပါသော နှစ်တစ်နှစ် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ပါဝင်သော ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) သည် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များကို တက်ကြွစွာ စီစဉ်ကျင်းပလျက်ရှိပြီး ဂီတ၊ အက၊ ယောဂနှင့် ဟိန္ဒီဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။















