ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ရက် ၅၀ ခန့်ရှိပြီး ဧပြီလအတွင်း သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထား

ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ရက် ၅၀ ခန့်ရှိပြီး ဧပြီလအတွင်း သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထား
Published 6 April 2026

စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်  လျော့နည်းသက်သာ စေမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ရက် ၅၀ ခန့်ရှိပြီး ဧပြီလအတွင်း သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထားပြီး စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်  လျော့နည်းသက်သာ စေမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်သည်။

နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများ သည် ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကအသုံးပြုလျက်ရှိကြောင်း၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် သုံးစွဲနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းသည် ပြည်ပမှ ဝယ်ယူတင်သွင်း နေရခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် ဝယ်ယူတင်သွင်းမှုကို အားပြုနေရသည့် မိမိတို့ကဲ့သို့နိုင်ငံများအနေဖြင့် လွန်စွာခက်ခဲစေသည့် အခြေအနေ တစ်ရပ်ကို ရင်ဆိုင်နေကြရကြောင်း ပါရှိသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီအခက်အခဲကို ဖြေရှင်းရန်အတွက် စီမံခန့်ခွဲမှု နည်းလမ်းများ၊ ဒီဂျစ်တယ် နည်းပညာအခြေပြု ရောင်းချသည့်စနစ်များဖြင့် ကြပ်မတ်ထိန်းကျောင်းလျက်ရှိရာ နိုင်ငံတော်၏ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုတို့သည် စည်းစနစ်မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး စက်သုံးဆီသုံးစွဲမှုကို သိသာစွာလျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဧပြီ ၆ ရက်အထိ စာရင်းများအရ နေ့စဉ် ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃ ဒသမ ၅၄ ဂါလန်သန်းမှ ၂ ဒသမ ၅ ဂါလန်သန်းသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ နေ့စဉ် ပျမ်းမျှသုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းသည် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေမည် ဖြစ်သည့်အပြင် အရံဆီသိုလှောင်နိုင်မှု ၁၀ ရက်စာ ပိုမိုသိုလှောင်လာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို နှစ်စဉ်တန်ချိန် ၅ သန်းခန့်တင်သွင်းနေရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော်သုံးစွဲရမည်ဖြစ်ရာ ယခုကဲ့သို့ စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်  လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် စက်သုံးဆီဖူလုံမှုအနေဖြင့် ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ၅၀ ရက်ခန့်ရှိပြီး ဧပြီလအတွင်းသင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထားရှိပြီးဖြစ်ကြောင်း၊ ထို့အပြင် မိတ်ဆွေနိုင်ငံများမှ တင်သွင်းရန် ရေရှည်အစီအမံပြုလုပ်ပြီး ဝယ်ယူရရှိနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း၊ အခြေအမြစ် ခိုင်လုံမှုမရှိသည့် သတင်းများဖော်ပြခြင်း၊ ပြည်သူများစိုးရိမ်ကြောင့်ကြမှု မြင့်တက်စေရန် ရည်ရွယ်သည့် ခေါင်းစဉ်များတပ်၍ ဖော်ပြခြင်းတို့ကို ပြုလုပ်နေသည့် မီဒီယာများကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ဆက်သွယ်၍ သတိပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စက်သုံးဆီဝယ်ယူနိုင်မည့် စည်းကမ်းများအတိုင်း လိုက်ပါဆောင်ရွက်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း QR Code ဖြင့် ရောင်းချမှုအပေါ် ထပ်မံလိုအပ်လာပါက အရေးပေါ် ဆီဖြည့်တင်းခွင့် ရရှိနေခြင်း ရှိနေသည့်အတွက်ကြောင့်ကြကင်းစွာ ရောင်းချဝယ်ယူကြပါရန်နှင့် အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်အကြောင်းကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent