မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်က ကွင်းသစ်ဖွင့်လှစ်နိုင်ခဲ့တာဟာ မိမိရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်ဟာ ကစားသမားဘဝက အနားယူပြီးနောက် ၂၀၁၆ ခုနှစ်မှာ အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်လာခဲ့ပြီး (၁၀)နှစ်အကြာမှာ Nu Stadium ဆိုတဲ့ ကွင်းသစ် ဖွင့်လှစ်နိုင်ခဲ့တာပါ။
ကွင်းသစ်အဖွင့် ပထမဆုံးပွဲအဖြစ် ဧပြီ(၄)ရက်နေ့က အော်စတင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ (၂-၂)ဂိုးနဲ့ သရေကျခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီက တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပရိသတ်(၂၆၇၀၀) ဝင်ဆံ့တဲ့ အဲဒီကွင်းသစ်မှာ အရှေ့ဘက်ပွဲကြည့်စင်ကို လီယိုမက်ဆီ ပွဲကြည့်စင်လို့ အမည်ပေးထားကြောင်းလည်း သိရပါတယ်။
''လွန်ခဲ့တဲ့ နှစ်(၂၀)က အမေရိကနဲ့ မေဂျာလိဂ်ကို ကျွန်တော် ရောက်ခဲ့ချိန်မှာ ကျွန်တော့်အိပ်မက်က ချန်ပီယံဆုရယူနိုင်ဖို့၊ ဘောလုံးပွဲတွေကို ပိုတိုးတက်အောင် ကူညီနိုင်ဖို့၊ ကိုယ်ပိုင်အသင်း တည်ထောင်နိုင်ဖို့ပါ။ လွန်ခဲ့တဲ့ (၁၃)နှစ်မှာ မိုင်ယာမီက ကျွန်တော့်ရွေးချယ်မှုဖြစ်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ နာမည်လည်း မရှိ၊ ပရိသတ်လည်း မရှိ၊ ကွင်းလည်း မရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ကွင်းသစ်ထဲ ကျွန်တော် မတ်တပ်ရပ်နေပါပြီ။ ကျွန်တော်တို့ မေဂျာလိဂ်ချန်ပီယံ ဖြစ်နေပါပြီ။ အကောင်းဆုံးကစားသမားတွေလည်း ပိုင်ဆိုင်ခဲ့ပါပြီ။ အိပ်မက်တွေဟာ အမှန်တကယ် ဖြစ်မြောက်နိုင်ပါတယ်'' လို့ ဒေးဗစ်ဘက်ခမ်က ပြောကြားခဲ့ပါတယ်။















