ဓာတ်ဆီလီတာ ၁၂၆၀ ကို ရေခဲအိတ်များအောက်တွင် ဝှက်၍သယ်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို ထိုင်းအာဏာပိုင်များက ကန်ချနဘူရီပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည်။ ဓာတ်ဆီများကို ဝယ်ဈေးထက် နှစ်ဆနီးပါးဖြင့် မြန်မာနိုင်ငံတွင် တရားမဝင်ပြန်လည်ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၊ အကောက်ခွန်အရာရှိများ၊ နယ်ခြားစောင့်ရဲများနှင့် ဒေသအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော် စက်သုံးဆီမှောင်ခိုကူးမှုကို နှိမ်နင်းရန် ကင်းလှည့်စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၄ ရက်တွင် ကန်ချနဘူရီပြည်နယ် ၊ ဆန်ခလပူရီခရိုင်အတွင်း အဝေးပြေးလမ်းမ ၃၂၃ ပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တားစစ်ဆေးခဲ့ရာ မော်တော်ယာဉ်အနောက်ခန်းတွင် ရေခဲအိတ်များအောက် ဖွက်သယ်ဆောင်လာသည့် ဓာတ်ဆီ ၄၂ ပုံး (၁,၂၆၀ လီတာ) ကို တွေ့ရှိခဲ့သည်။ထို့နောက် ယာဉ်မောင်းကို ဖမ်းဆီးလိုက်ပြီး ကားနှင့်ဓာတ်ဆီ ၊ လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းခဲ့သည်။
စစ်ဆေးမေးမြန်းမှုအတွင်း ယာဉ်မောင်းက ဓာတ်ဆီများကို ထိုင်း၌ တစ်လီတာလျှင် ဘတ် ၆၀ ဖြင့် ဝယ်ယူခဲ့ပြီး မြန်မာဘက်သို့ နယ်စပ်ဖြတ်ကျော် မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် သယ်ဆောင်ကာ တစ်လီတာလျှင် ဘတ် ၁၀၀ နှုန်းဖြင့် စျေးတင်ရောင်းရန် စီစဉ်ထားကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းပြည်တွင်း လောင်စာဆီသယ်ပို့မှုများထဲမှ ဆီလီတာ ၅၇ သန်း ကွာဟပျောက်နေမှုကို စစ်ဆေးတွေ့ရပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ကိုင်တွယ်စစ်ဆေးနေရသည်။
Ref: Khaosod English














