CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများအတွက် IMEI Code တစ်ခုခုသည် Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် တောင်းဆိုသည့်အချက်အလက်များ ဖော်ပြမည်ဖြစ်သော်လည်း အခွန်ပေးဆောင်ရန်မလိုအပ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ထုတ်ပြန်သည်။
လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန် ပေးဆောင် ရန်မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ SIM Slot အားလုံးတွင် SIM Card (MPT ATOM ၊ U9 ၊ Mytel) များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် အသိပေးကြေညာထားရှိပြီးဖြစ်ကြောင်း သိရသည်။
1SIM + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) နှင့် SIM1, SIM2 + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များရှိ SIM Slot များတွင် ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်မတိုင်မီ အနည်းဆုံး SIM Card တစ်ခု ထည့်သွင်းအသုံးပြုထားပြီးဖြစ်ပါက ၎င်း Handset များသည် ခွင့်ပြုစာရင်း (Whitelist) တွင် စာရင်းထည့်သွင်းပြီး ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက် နောက်ပိုင်းတွင် အဆိုပါခွင့်ပြုစာရင်း (Whitelist) ဝင် Handset များ၏ ကျန် SIM Slot များ၌ Physical SIM Card (သို့မဟုတ်) eSIM ထပ်မံထည့်သွင်း အသုံးပြုပါက IMEI Code သည် Unpaid အဖြစ် ဖော်ပြနေမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တောင်းဆိုသည့်အချက်အလက်များ ဖော်ပြမည်ဖြစ်သော်လည်း ၎င်း Handset များအတွက် အခွန်ပေးဆောင်ရန် လိုအပ်မည်မဟုတ်ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများတွင် IMEI Code တစ်ခုသည် Paid ဖြစ်နေသော်လည်း အခြား IMEI Code တစ်ခုသည် Unpaid ဖြစ်နေခြင်း (သို့မဟုတ်) eSIM ထည့်သွင်းအသုံးပြုချိန် IMEI Code သည် Unpaid ဖြစ်နေခြင်းတို့အတွက် CEIR စနစ်၏ အင်တာနက်စာမျက်နှာဖြစ်သော https://ceir.gov.mm တွင် Check Status ကိုနှိပ်၍ အဆင့်ဆင့်ဝင်ရောက်ပြီး အဆိုပါ Unpaid ဖြစ်နေသည့် IMEI Code နှင့် လိုအပ်သည့်အချက်အလက်များ ထည့်သွင်းပေးပို့ပါက CEIR စနစ်မှ ယင်း IMEI Code အား Paid အဖြစ် အလိုအလျောက်သတ်မှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ သို့လည်းကောင်း၊ တွေ့ဆုံမေးမြန်း လိုပါက CEIR စနစ်ပိုင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (CEIR One Stop Service – OSS) (အကောက်ခွန် ဦးစီးဌာန၊ အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့) နှင့် (အလယ်အလတ်အခွန်ထမ်း များဆိုင်ရာအခွန်ရုံး − ၅၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့) တို့သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ထုတ်ပြန်သည်။
ဧပြီ ၁ ရက်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ရှိ ခွင့်ပြုစာရင်းတွင် မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်းများ ရက်ပေါင်း ၃၀ အတွင်းသာယာယီအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယင်းယာယီအသုံးပြုမှု ကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်သဖြင့် မတ်လကုန်ပိုင်းရက်များတွင် ရန်ကုန်မြို့ရှိ ဖုန်းအော်ပရေတာဆိုင်များ၌ ဆင်းကတ်ဝယ်ယူသူများနှင့် e Sim ပြောင်းမည့်သူများပြားခဲ့ကြောင်း သိရသည်။















