■ တရုတ်တွင် EV ကားများ ရောင်းအားနှေးကွေးလာသဖြင့် အမြတ်ငွေကျဆင်းခဲ့ကြောင်း BYD ကုမ္ပဏီ ထုတ်ပြန်
တရုတ်၏ ပြည်တွင်း EV ကားစျေးကွက် ပြိုင်ဆိုင်မှုပြင်းထန်နေသဖြင့် EV ကားစျေးနှုန်းများ ကျဆင်းလာကြောင်း The New York Times သတင်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ပြည်တွင်းစျေးကွက်တွင် EV ကားများ ရောင်းအားနှေးကွေးလာသဖြင့် အမြတ်ငွေကျဆင်းလာကြောင်း BYD ကုမ္ပဏီကလည်း ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သူဖြစ်သည့် BYD ကုမ္ပဏီသည် မျှော်မှန်းထားသလောက် အမြတ်ငွေမရရှိခဲ့ဘဲ စိတ်ပျက်ဖွယ်ဝင်ငွေအခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် တရုတ် EV စျေးကွက်တွင် ရှေ့လျှောက် ပိုမိုခက်ခဲသော အခြေအနေများ ရှိလာနိုင်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဝမ်ချွမ်းဖူက သတိပေးခဲ့သည်။
မတ်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာ၌ EV ကားစျေးကွက်တွင် ပြိုင်ဆိုင်မှုများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အပြင်းထန်ဆုံးအဆင့်ကို ဖြတ်သန်းနေရကြောင်း မစ္စတာဝမ်က ရှယ်ယာရှင်များထံ ပေးပို့သည့် စာထဲတွင် ရေးသားခဲ့သည်။
စျေးကွက်ပြိုင်ဆိုင်မှုကို အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိလာစေခဲ့သည့်အချက်မှာ တရုတ်၏ EV ကားစျေးကွက်တွင် ပြိုင်ဘက်သစ်များ အဆက်မပြတ်ဝင်ရောက်လာခြင်းဖြစ်သည်။
မော်တော်ယာဉ်ဈေးကွက် သုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် JATO ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ရောင်းချနေသော EV ကားမော်ဒယ်ပေါင်း ၄၀၀ နီးပါးရှိနေပြီး ယင်းသည် ၂၀၁၉ ခုနှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။
ယင်းမော်ဒယ်များအနက် ၁၀၀ ကျော်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်းကမှ အသစ်ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်ထုတ်လုပ်သူများအကြား ပြင်းထန်သော ပြိုင်ဆိုင်မှုကြောင့် EV ကားဈေးနှုန်းများမှာလည်း တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်။
တရုတ်နိုင်ငံတွင် အဆိုပါဖြစ်စဉ်ကို အတွင်းလှိုက် ယှဉ်ပြိုင်မှု သို့မဟုတ် အကျိုးမဲ့ ယှဉ်ပြိုင်မှု (Involution) ဟု လူသိများပြီး ကုမ္ပဏီများသည် အမြတ်ငွေကို ထိခိုက်စေသည့်တိုင်အောင် ဈေးကွက်ထဲတွင် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကုန်ကျစရိတ်များကို အဆက်မပြတ် လျှော့ချခြင်းနှင့် နည်းပညာအသစ်များကို ထည့်သွင်းခြင်းတို့ကို ပြုလုပ်နေကြရသည်။
BYD ၏ စတုတ္ထသုံးလပတ် အမြတ်ငွေသည် မျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားစွာ ကျဆင်းသွားခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်သည် ကုမ္ပဏီအတွက် လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် နှစ်ပတ်လည်အမြတ်ငွေ ကျဆင်းခဲ့သည့်နှစ် ဖြစ်လာခဲ့သည်။
ထို့ပြင် ကမ္ဘာ့ဈေးကွက်တွင် Tesla ကို ကျော်ဖြတ်ကာ အရောင်းရဆုံး ဖြစ်ခဲ့သော်လည်း ဝင်ငွေတိုးတက်မှုနှုန်းမှာ ခြောက်နှစ်တာအတွင်း အနည်းဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထိုအခြေအနေများက ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံအတွင်းမှ EV ကားစျေးကွက်ပြိုင်ဆိုင်နေမှုသည် အဆုံးသတ်ရန် အလှမ်းကွာဝေးနေဆဲဖြစ်သည်ကို ညွှန်ပြနေသည်။
BYD ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှု အရှိန်အဟုန်သည် ယခုအခါ လက်တွေ့ကျသောအခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ်များ နှေးကွေးလာမှုကြောင့် အခက်တွေ့နေရပြီး Xiaomi ကဲ့သို့ ကုမ္ပဏီသစ်များက ထုတ်လုပ်လာသည့် နည်းပညာအသားပေး ကားမော်ဒယ်သစ်များကို ရင်ပေါင်တန်းနိုင်ရန်အတွက် ငွေကြေးအများအပြား အသုံးပြုပြီး ယှဉ်ပြိုင်နေရခြင်းကြောင့်ဖြစ်သည်။
ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ အကြီးတန်းအကြံပေးဖြစ်သူ စကော့ ကန်နေဒီကမူ တရုတ် EV လုပ်ငန်းကဏ္ဍသည် ယခုအခါ စစ်ပွဲကာလကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးလိုက်သည်။
လက်ရှိတွင် တရုတ်၌ EV ကားကုမ္ပဏီ ရာဂဏန်းရှိနေသော်လည်း ရေရှည်တွင် ကုမ္ပဏီအနည်းငယ်သာ ကျန်ရှိလိမ့်မည်ဟု ၎င်းက သုံးသပ်ခဲ့သည်။
၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ရောင်းအားကျဆင်းသွားခဲ့ပြီး တရုတ်ဈေးကွက်ကို နှစ်ပေါင်းများစွာ စိုးမိုးထားခဲ့သည့် BYD ကုမ္ပဏီသည် ယခုအခါ ပထမနေရာကို Geely Automobile Holdings ထံသို့ လွှဲပြောင်းပေးလိုက်ရပြီဖြစ်သည်။
ထို့ကြောင့် BYD သည် ပြည်ပဈေးကွက်များကို ပိုမိုချဲ့ထွင်ရမည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။
ပြည်ပတွင် ၎င်းတို့၏ မော်ဒယ်များကို ဝယ်လိုအား အလွန်မြင့်တက်နေပြီး ကားတစ်စီးရောင်းရတိုင်း ပြည်တွင်းထက် ပိုမိုများပြားသော အမြတ်ငွေကို ရရှိသောကြောင့်ဖြစ်သည်။
၂၀၂၆ ခုနှစ်အတွင်း ပြည်တွင်းအရောင်းအဝယ်များ ကျဆင်းနေသော်လည်း ပြည်ပသို့ တင်ပို့မှုမှာမူ ယနေ့အထိ ကောင်းမွန်သောအခြေအနေတွင် ရှိနေဆဲဖြစ်သည်။
BYD အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ပြည်ပနိုင်ငံများတွင် ကားအစီးရေ ၁ ဒသမ ၃ သန်း ရောင်းချရန် ရည်မှန်းထားသည်။
သို့သော် ယင်းသည် အန္တရာယ်များပြီး ကုန်ကျစရိတ်ကြီးမားသော စွန့်စားမှုတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကုန်သွယ်ခွန်နှင့် အခြားသော ကုန်သွယ်ရေးအတားအဆီးများကို ကျော်လွှားနိုင်ရန်အတွက် ပြည်ပနိုင်ငံများတွင် စက်ရုံများ တည်ဆောက်ရန် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံနေရသောကြောင့် ဖြစ်သည်။
၂၀၂၆ ခုနှစ်အတွင်း BYD ၏ အရောင်းအဝယ်များကို ထိခိုက်စေခဲ့သည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ အစိုးရ၏ ထောက်ပံ့ကြေးမူဝါဒ အပြောင်းအလဲဖြစ်သည်။
အဆိုပါ မူဝါဒအသစ်သည် BYD ၏ အဓိကဈေးကွက်ဖြစ်သော ဈေးသက်သာသည့် ကားများထက် ဈေးနှုန်းမြင့်မားသော ကားမော်ဒယ်များကို ပိုမိုဦးစားပေး ထောက်ပံ့ပေးထားခြင်းကြောင့်ဖြစ်သည်။
Reuters သတင်းဌာန၏ လေ့လာချက်နှင့် တရုတ်မော်တော်ယာဉ် အချက်အလက်ဆိုင်ရာ ပလက်ဖောင်းဖြစ်သော DATADIC ၏ အရောင်းစာရင်းများအရ နိုဝင်ဘာလအတွင်း BYD ၏ ပြည်တွင်းအရောင်းရဆုံး ကားများ၏ ၆၁ ရာခိုင်နှုန်းကျော်မှာ ယွမ် ၁၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၆၉၉ ခန့်) အောက်ရှိသော ကားများဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း ရေနံစျေးနှုန်းများကို မြင့်တက်စေခဲ့သည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား စစ်ပွဲမဖြစ်ပွားမီအချိန်ကတည်းက အာရှတစ်လွှားတွင် EV ကားများ အသုံးပြုမှုနှုန်းမှာ မြင့်တက်နေခဲ့ပြီး ဖြစ်သည်။
ဂျပန်နိုင်ငံမှလွဲပြီး အခြားနိုင်ငံများတွင် EV ကားသုံးစွဲမှုမှာ အရှိန်အဟုန်နှင့် တိုးတက်နေသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ရောင်းချရသမျှသော ကားအစီးရေ စုစုပေါင်း၏ ထက်ဝက်ကျော်မှာ EV နှင့် Plug-in Hybrid ကားများဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများတွင် EV ကား အသုံးပြုမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းခန့်အထိရှိနေပြီး ယင်းသည် ဗြိတိန်နှင့် ဥရောပနိုင်ငံများထက်ပင် ကျော်လွန်နေကာ ကမ္ဘာပေါ်တွင် EV အသုံးပြုရန် အသင့်လျော်ဆုံး ဒေသများထဲတွင် ပါဝင်လာကြောင်း ဗြိတိန်အခြေစိုက် Ember အမည်ရှိ သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။
Ref: The Straits Times/ Reuters/ The New York Times














