ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယတွင် သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ပြီး တစ်နှစ်ကြာမြင့်မည့် အဆိုပါလုပ်ငန်းစဉ်အတွက် အိန္ဒိယအရာရှိသုံးသန်းကျော် စတင်ပြင်ဆင်နေပြီဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ပြုလုပ်ရန် ကနဦးသတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြန့်ကြာခဲ့ရကာ ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ်သာပြုလုပ်သည့် အဆိုပါလူဦးရေစစ်တမ်းကို ဧပြီ ၁ ရက်တွင် စတင်မည်။ အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်စာရင်းသွင်းလိုသည့် နိုင်ငံသားများအတွက် အချိန်တိုအတွင်း ခွင့်ပြုပေးသွားမည်ဟု အစိုးရက မတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူမှုဖြင့် အဆင့်နှစ်ဆင့် သတ်မှတ်ထားပြီး ပထမအဆင့်တွင် နေအိမ်များနှင့် နေထိုင်မှုအခြေအနေများကို စာရင်းပြုစုမည်။ ဒုတိယအဆင့်တွင် နေထိုင်သူများ၏ စီးပွားရေးနှင့်လူမှုရေး အချက်အလက်များကို ကောက်ယူသွားမည်ဟု သန်းခေါင်စာရင်းကော်မရှင်နာ ကူမာ နာရာရန်က သတင်းထောက်များကို ပြောသည်။
ယခုသန်းခေါင်စာရင်းတွင် ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု အသေးစိတ်အချက်အလက်များကိုလည်း ကောက်ယူသွားမည်ဖြစ်သည်။ တင်းကျပ်လှသည့် ယင်းလူမှုရေးအဆင့်အတန်း ခွဲခြားမှုစနစ်သည် သက်တမ်းနှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်ပြီး အိန္ဒိယနိုင်ငံသားများ၏ လူမှုဘဝနှင့် နိုင်ငံရေးအပေါ် လွှမ်းမိုးထားဆဲဖြစ်သည်။
ဇာတ်နိမ့်ဇာတ်မြင့်ကို အခြေခံထားသည့် နိုင်ငံရေးပါတီများစွာလည်းရှိပြီး အစိုးရဌာနအများအပြားကလည်း ဇာတ်နိမ့်စာရင်း သွင်းခံရသူများအတွက် အလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်နေရာများကို အထူးအခွင့်အရေးများ ပေးထားရလေ့ရှိသည်။
ဝေဖန်ရေးသမားများကမူ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရန် ရည်မှန်းထားသည့် နိုင်ငံတစ်နိုင်ငံတွင် ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုမျိုး မရှိသင့်ဟု ထောက်ပြကြသည်။
အိန္ဒိယသည် ၂၀၁၁ ခုနှစ်တွင် ဇာတ်နိမ့်ဇာတ်မြင့်စာရင်းကို နှစ်ပေါင်း ၈၀ အတွင်း ပထမဆုံးအကြိမ် ကောက်ယူလိုက်သေးသည်။ သို့သော် အချက်အလက် တိကျမှန်ကန်မှုအပေါ် စိုးရိမ်မှုများကြောင့် အပြည့်အစုံမထုတ်ပြန်ခဲ့ပေ။
ယခုသန်းခေါင်စာရင်း ကောက်ယူမှုက ၂၀၂၇ ခုနှစ် မတ်လတွင် ပြီးစီးမည်ဟု ယူဆရသည်။ ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်မည်ဖြစ်ရာ သန်းခေါင်စာရင်းမှရလာသည့် အချက်အလက်အများစုကို ကောက်ယူပြီးနောက် မကြာမီ ထုတ်ပြန်ပေးမည်ဟု နာရာယန်က ဆိုသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီစာရင်းအရ အိန္ဒိယ၏ လူဦးရေသည် ခန့်မှန်းခြေ ၁ ဒသမ ၄၄ ဘီလျံကျော်ရှိလာပြီး တရုတ်ကို ကျော်တက်ကာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာသည်။
Ref: Reuters














