ဘရာဇီးလ်အသင်းဟာ ကြာသပတေးညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အသင်းကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရာဇီးလ်ပရိသတ်တွေက နေမာရဲ့အမည်ကို အော်ဟစ်ခဲ့ကြကြောင်း သိရပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးပွဲအဖြစ် ပြင်သစ်အသင်းနဲ့ အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဘရာဇီးလ်အသင်းရဲ့ အုပ်စုပွဲစဉ် သုံးပွဲစလုံးကို အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားမတိုင်မီ ယှဉ်ပြိုင်ရန် စီစဉ်ထားတဲ့ ခြေစမ်းပွဲလေးပွဲအနက် သုံးပွဲကို အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ခရိုအေးရှားနဲ့ပွဲကိုလည်း မတ် ၃၁ မှာ ဆက်လက်ယှဉ်ပြိုင်မှာပါ။
ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီက ၀ါရင့်တိုက်စစ်မှူး နေမာကို အခုလခြေစမ်းပွဲတွေအတွက် ရွေးချယ်ခဲ့ခြင်းမရှိတဲ့အပြင် ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝမှသာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခွင့်ရမယ်လို့လည်း သတိပေးထားပါတယ်။
ဒါပေမဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်တွေနဲ့ ကလပ်အသင်းအသင်းဖော်တချို့က နေမာဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့် ရသင့်တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ကြောင်း ထောက်ခံပြောကြားမှုများ ရှိနေပါတယ်။
ဒါ့အပြင် ပြင်သစ်နဲ့ပွဲမှာ ဘရာဇီးလ်ပရိသတ်တွေက နေမာရဲ့အမည်ကို အော်ဟစ်ကာ အန်ဆယ်လော့တီကို တွန်းအားပေးခဲ့ကြောင်းလည်း သိရပါတယ်။
အဲဒီအတွက် ဂျာနယ်လစ်တွေက ပွဲအပြီး မေးမြန်းခဲ့ကြရာ ''အခု ကျွန်တော်တို့ ဒီကိုရောက်လာပြီး ယှဉ်ပြိုင်ကစားနေကြတဲ့၊ သူတို့ရဲ့အကောင်းဆုံးေ တွကို ပေးဆပ်နေကြတဲ့၊ ပြင်းပြင်းထန်ထန် ကြိုးစားနေကြတဲ့ ကစားသမားတွေအကြောင်းပဲ ပြောသင့်ပါတယ်။ ဒါကို ကျွန်တော် ကျေနပ်အားရပါတယ်။ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရဖို့ ပြိုင်ဆိုင်မှုက အရမ်းများပြားနေပါတယ်''လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။















