အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားအဆင့်(၁) လုပ်သားခေါ်ယူမှု မြန်မာအပါအဝင် ပြည်ပနိုင်ငံများကို ဂျပန်အစိုးရက ခေတ္တရပ်ဆိုင်း

အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားအဆင့်(၁) လုပ်သားခေါ်ယူမှု မြန်မာအပါအဝင် ပြည်ပနိုင်ငံများကို ဂျပန်အစိုးရက ခေတ္တရပ်ဆိုင်း
Published 27 March 2026

အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သား အဆင့်(၁) လုပ်သားခေါ်ယူမှု မြန်မာအပါအဝင် ပြည်ပနိုင်ငံများကို ဂျပန်အစိုးရက ခေတ္တရပ်ဆိုင်းထားသည်ဟု ဂျပန်နိုင်ငံသို့ မြန်မာလုပ်သားပို့ဆောင်ပေးနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။

“ခဏဆိုင်းထားတဲ့သဘောပေါ့။ သူတို့ သတ်မှတ်ထားတဲ့အရေအတွက် ပြည့်သွားလို့ ဒီလေးလပိုင်းဆိုရင် ပြန်သုံးသပ်မှာပေါ့။ အဲ့ဒါကြောင့် ခေတ္တဆိုင်းငံ့ထားတာပေါ့” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းအတွက် အလုပ်သမားများခေါ်ယူရန် ခေတ္တဆိုင်းငံ့ထားသည့် နိုင်ငံများမှာ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ အစရှိသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရက ထုတ်ပြန်ထားသည့် အချက်အလက်များအရ ပြည်တွင်းနှင့်နိုင်ငံတကာ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ်ထားသောကျွမ်းကျင်လုပ်သားအမှတ် ၁ စာမေးပွဲအကောင်အထည်ဖော်မှုကိုရပ်ဆိုင်းရန် စာမေးပွဲအကောင်အထည်ဖော်ရေးအဖွဲ့ (OTAFF) အား ညွှန်ကြားထားကြောင်း၊ ပြန်လည်စတင်ရန် ညွှန်ကြားချက်များမရရှိမီအထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းအတွက် သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သားအမှတ် ၁ ဗီဇာရရှိ သူအရေအတွက်မှာ သတ်မှတ်ထားသည့် လူအရေအတွက်ကို ကျော်လွန်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

ပြည်တွင်းရှိ ဂျပန်စာသင်တန်းကျောင်း အချို့ကလည်း စာမေးပွဲကို ဧပြီလတွင်ကျင်းပမည်ဟု ကြေညာထားသော်လည်း ယင်းညွှန်ကြားချက်ကြောင့် စာမေးပွဲကို ကျင်းပနိုင်ခြင်းရှိတော့မည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent