ပျော်ဘွယ်မြို့နယ်တွင် စက်သုံးဆီ အရောင်းဆိုင်နှင့် ကွမ်းပစ္စည်းရောင်းဝယ်ရေးဝန်းအတွင်းရှိ စက်သုံးဆီ သိုလှောင်ရုံအတွင်း မီးလောင်မှုဖြစ်ပွား

ပျော်ဘွယ်မြို့နယ်တွင် စက်သုံးဆီ အရောင်းဆိုင်နှင့် ကွမ်းပစ္စည်းရောင်းဝယ်ရေးဝန်းအတွင်းရှိ စက်သုံးဆီ သိုလှောင်ရုံအတွင်း မီးလောင်မှုဖြစ်ပွား
Published 26 March 2026

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် စက်သုံးဆီ အရောင်းဆိုင်နှင့် ကွမ်းပစ္စည်းရောင်းဝယ်ရေးဝန်း အတွင်းရှိ စက်သုံးဆီသိုလှောင်ရုံအတွင်း မီးလောင်မှု ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန် ဝန်းကျင်က ဖြစ်ပွားခဲ့သည်။

ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းခရိုင်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာတွင် AC / DC DOCANDO အမျိုးအစား (၁) လုံးပန့် စက်သုံးဆီ အရောင်းဆိုင်နှင့် ကွမ်းပစ္စည်းရောင်းဝယ်ရေးဝန်းအတွင်းရှိ ၁၅ ပေ x ၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် စက်သုံးဆီသိုလှောင်ရုံအတွင်း အလင်းရောင်ရရှိရန် သွယ်တန်းထားသော နှစ်ပင်လိမ်ဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိပါသည်။

မီးလောင်ရာသို့ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ ပြည်သာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ ရမည်းသင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှု ယာဉ် ၂ စီး၊ စုစုပေါင်း ၁၂ စီးတို့ဖြင့် သန္ဓေတပ်ဖွဲ့ဝင် ၄၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ဝ ဦးဖြင့် ထွက်ခွာပြီး ငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၈ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် ၉ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း ဆက်လက် သိရှိရပါသည်။

မီးလောင်မှုအား မီးသတ်ဆေးဘူး 3 Kg ၅ ဘူး၊ အမြှပ်မီးသတ်ဆေးရည် (FOAM) (၁၂၀)ဂါလန်၊ ရေဂါလန် (၁၂၀၀၀) ခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း၊မီးလောင်မှုကြောင့် ၁၅ ပေ x ၂၀ ပေ သွပ်မိုး၊ သွပ်ကာ တစ်ထပ် စက်သုံးဆီသိုလှောင်ရုံ အဆောက်အဦ တစ်လုံး၊ ၃၀ ပေ x ၄၀ ပေ နံကပ်နှစ် ထပ်၊ လူနေအိမ်၏ပြတင်းတံခါး (၄) ချပ် ၊ CANTA (၁၀) ပေ နောက်တွဲကားဘော်ဒီ (ဟောင်း) တစ်ခု ၊ 92 အောက်တိန်းဆီ (ပလတ်စတစ်ပုံး ၄ ပုံး) (၂၀) ဂါလန်၊ ဒီဇယ်ဆီ (ပလတ်စတစ်ပုံး ၃ ပုံး) (၁၅) ဂါလန်တို့ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူ အမျိုးသားအား ပျော်ဘွယ်မြို့၊ မြို့မရဲတပ်ဖွဲ့စခန်းမှပ - ၄၉ / ၂၀၂၆ ၊ ပုဒ်မ ( ၂၈၅ ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Most Read

Most Recent