Meta ကုမ္ပဏီသည် TikTok နှင့် YouTube မှ နာမည်ကျော် Content Creator များကို Facebook ပေါ်သို့ ဆွဲဆောင်နိုင်ရန် ရည်ရွယ်သည့် အစီအစဉ်သစ်တစ်ခုကို မတ် ၁၈ ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း CNBC သတင်းတွင် ဖော်ပြခဲ့သည်။
Creator Fast Track ဟု အမည်ပေးထားသော အဆိုပါအစီအစဉ်သည် Follower အခိုင်အမာရရှိထားပြီးသား နာမည်ကြီး လူမှုမီဒီယာ Creator များအတွက် Facebook ပေါ်တွင် လစဉ်ကြေးပုံမှန်ရရှိစေရန်နှင့် ၎င်းတို့၏ ရုပ်သံဗီဒီယိုများကို Facebook ပေါ်တွင် လူကြည့်ပိုများလာစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါအစီအစဉ်သည် Instagram၊ TikTok သို့မဟုတ် YouTube တို့တွင် Follower အနည်းဆုံး ၁ သိန်းရှိသော Creator များကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးသွားမည်ဖြစ်ပြီး၊ Follower ၁ သန်းထက်ကျော်သူများကိုမူ တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ အထိ ပေးသွားမည်ဖြစ်သည်။
“တခြားပလက်ဖောင်းတွေမှာ အောင်မြင်နေတဲ့ Creator တွေဆီကနေ ကျွန်တော်တို့ ကြားသိရတာကတော့ Facebook မှာ အသစ်ကနေ ပြန်စရမှာကို ခက်ခဲမယ်လို့ ထင်နေကြတာ ဒါမှမဟုတ် စိုးရိမ်နေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ဟာ အဲဒီလို လိုအပ်ချက်တွေကို တကယ်တမ်း ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တာပါ” ဟု Facebook Creators ၏ ထုတ်ကုန်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ယာအီယာ လစ်ဗ်နေးက CNBC ရုပ်သံလိုင်းကို ပြောကြားခဲ့သည်။
Creator Fast Track အစီအစဉ်ဖြင့် ငွေပေးချေမှုများသည် ၃ လ သာ ကြာမြင့်မည် ဖြစ်သော်လည်း Creator များအနေဖြင့် Facebook ပေါ်တွင် ဝင်ငွေရှာနိုင်သည့် Content Monetization အစီအစဉ်တွင် ဆက်လက်ပါဝင်ခွင့် ရရှိမည်ဖြစ်ပြီး ၎င်းတို့၏ Content များကို လူကြည့်များလာစေမည့် Reach Boost ကိုမူ ရာသက်ပန် ရရှိသွားမည်ဖြစ်ကြောင်း လစ်ဗ်နေးက ပြောကြားခဲ့သည်။
Meta ကုမ္ပဏီသည် အသုံးပြုသူ အသစ်များကို သိမ်းသွင်းရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းလာချိန်တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Meta ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း Creator များအတွက် ဒေါ်လာ ၃ ဘီလီယံနီးပါး ပေးချေခဲ့ပြီး ယင်းသည် ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
ထိုစုစုပေါင်း ပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ Reels ဗီဒီယိုများအတွက် ဖြစ်ပြီး ကျန်ရှိသော ပမာဏကို အခြား format များအတွက် ခွဲဝေပေးခဲ့ခြင်း ဖြစ်သည်။
Facebook သည် အသုံးပြုသူပေါင်း ၃ ဘီလီယံ ကျော်ရှိသော်လည်း TikTok နှင့် YouTube ဘက်သို့ အာရုံစိုက်သွားကြသည့် Creator များကို ဆွဲဆောင်ရန်အတွက် ကာလရှည်ကြာ ရုန်းကန်ခဲ့ရသည်။
အမေရိကန်နှင့် ကနေဒါနိုင်ငံတွင် စတင်စမ်းသပ်နေသည့် အဆိုပါအစီအစဉ်သည် Facebook ပေါ်တွင် မူရင်းဖန်တီးမှု (Original Content) များ ပိုမိုများပြားလာစေရန်အတွက် ပရိသတ်အခိုင်အမာ ရရှိထားပြီးသူများကို ဆွဲဆောင်သိမ်းသွင်းသည့် လုပ်ငန်းစဉ်၏ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်သည်။
ယခုအစီအစဉ်တွင် ပါဝင်ခွင့်ရရှိရန်အတွက် Creator များသည် ရက်ပေါင်း ၃၀ အတွင်း Facebook ပေါ်တွင် Reels ဗီဒီယို အနည်းဆုံး (၁၅) ခုကို တင်ရမည်ဖြစ်ပြီး ထိုဗီဒီယိုများကို အနည်းဆုံး ၁၀ ရက်ခွဲ၍ တင်ရမည်ဖြစ်သည်။
တင်ထားသော Content များကို Facebook တစ်ခုတည်းမှာပင် တင်ရမည်ဟု ကန့်သတ်မထားသဖြင့် TikTok နှင့် YouTube ကဲ့သို့ အခြားပလက်ဖောင်းများတွင်လည်း ပြန်တင်နိုင်မည်ဖြစ်သည်။
ထို့ပြင် AI ဖြင့် ဖန်တီးထားသော Content များလည်း အကျုံးဝင်ပြီး တင်ထားသည့် Content များသည် ၎င်းဖန်တီးသူ၏ ကိုယ်ပိုင်မူရင်းလက်ရာ (Original Content) ဖြစ်ရမည်ဟု သတ်မှတ်ချက်များထုတ်ပြန်ထားသည်။
Photos- Reuters/ Social Media Today















