ချယ်လ်ဆီးအသင်းဟာ အင်္ဂလန် နောက်ခံလူ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
အသက် ၂၆ နှစ်သာရှိသေးတဲ့ ရီးစ်ဂျိမ်းစ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၁၉-၂၀ ရာသီကစပြီး ချယ်လ်ဆီးအသင်းအတွက် ကစားခွင့်ရလာခဲ့သူပါ။
ရီးစ်ဂျိမ်းစ်ဟာ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိ ပိုင်ရှင်တွေလက်ထက်မှာ အစောဆုံးသက်တမ်းတိုးခြင်းခံခဲ့ရတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သက်တမ်းတိုးစာချုပ်က ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပေမဲ့ အခုအခါ ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးစ်ဂျိမ်းစ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်နေရပေမဲ့ ချယ်လ်ဆီးအသင်းမှာ လစာအများဆုံးရရှိတဲ့ ကစားသမားအဖြစ် ရပ်တည်နေပြီး တစ်ပတ်ပေါင် ၂၅၀၀၀၀ ရရှိနေကြောင်းလည်း သိရပါတယ်။
ရီးစ်ဂျိမ်းစ်က ''ကျွန်တော့်စာချုပ်ကို သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် လပေါ်ရောက်သလို ခံစားရပါတယ်။ ချယ်လ်ဆီးက ကျွန်တော့်အတွက် အဓိပ္ပာယ် အများကြီးရှိပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးနှစ်ကာလတွေ ဒီမှာ ရောက်ရှိချင်တယ်လို့ ကျွန်တော် အမြဲပြောလေ့ရှိပါတယ်။ ရရှိထားတဲ့ အောင်မြင်မှုတွေအပေါ်မှာ အရာအားလုံးကို ရယူနိုင်အောင် တည်ဆောက်သွားနိုင်လိမ့်မယ်လို့လည်း ကျွန်တော် တကယ်ယုံကြည်ပါတယ်။ ဒီပိုင်ရှင်၊ အားကစားဒါရိုက်တာ၊ နည်းပြနဲ့ ဝန်ထမ်းတွေရဲ့လက်အောက်မှာ ဖြတ်သန်းရမယ့် အနာဂတ်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ လာမယ့်နှစ်တွေမှာ နောက်ထပ်ဆုဖလားများစွာ အတူကိုင်မြှောက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။















